ကော်ဖီကို နေ့စဉ်သောက်သုံးပါက ဦးခေါင်းနှင့် လည်ပင်းကင်ဆာများဖြစ်နိုင်ခြေ လျှော့ချနိုင်
နယူးယောက် မတ် ၁၈
ကော်ဖီကို နေ့စဉ်သောက်သုံးပါက ကင်ဆာရောဂါတချို့ဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ မတ် ၁၇ ရက်သတင်းများအရ သိရသည်။
အမေရိကန်နိုင်ငံ ယူတားတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကော်ဖီနှင့် လက်ဖက်ရည်ပုံမှန်သောက်သုံးမှုသည် ဦးခေါင်းနှင့် လည်ပင်းကင်ဆာများဖြစ်နိုင်ခြေ ကျဆင်းမှုနှင့် ဆက်စပ်နေကြောင်း သိရသည်။
အမေရိကန် သုတေသနပညာရှင်များသည် ကော်ဖီနှင့် အထက်ပါကင်ဆာရောဂါများဖြစ်နိုင်ခြေတို့ကြား ဆက်စပ်မှုကို လေ့လာထားသည့် လေ့လာချက်ပေါင်း ၁၂ ခုတို့မှ ရရှိသော အချက်အလက်များကို အသေးစိတ်ဆန်းစစ်ခဲ့ကြသည်။
လေ့လာချက်မှထွက်ပေါ်လာသည့် ရလဒ်များအရ နေ့စဉ်ကော်ဖီလေးခွက်ထိ သောက်သုံးသူများသည် မသောက်သုံးသူများထက် ဦးခေါင်းနှင့်လည်ပင်းကင်ဆာများ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း ပို၍ နည်းပါးသည်ကို တွေ့ရကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။
ထို့ပြင် တစ်ရက်လျှင် ကော်ဖီသုံးခွက်မှ လေးခွက်ထိသောက်သုံးသူများသည် လည်ပင်းအောက်ပိုင်းကင်ဆာရောဂါ တစ်မျိုးဖြစ်သည့် Hypoharyngeal Caner ခေါ် ကင်ဆာရောဂါ ဖြစ်နိုင်ခြေမှာလည်း ၄၁ ရာခိုင်နှုန်း နည်းပါးကြောင်း သိရသည်။
ဦးခေါင်းနှင့် လည်ပင်းကင်ဆာရောဂါများသည် ကမ္ဘာပေါ်၌ သတ္တမမြောက် အဖြစ်အများဆုံးကင်ဆာရောဂါများဖြစ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ