Harvard University က ဝင်ငွေနည်း မိသားစုများမှ ကျောင်းသားများအား ကျောင်းလခကင်းလွတ်ခွင့်ပေးမည်
Harvard University သည် တစ်နှစ်လျှင် ဒေါ်လာ ၂၀၀,၀၀၀ သို့မဟုတ် ထို့ထက်နည်းသော ဝင်ငွေရှိသည့် မိသားစုများမှ ကျောင်းသားများအား ကျောင်းလခကို ကင်းလွတ်ခွင့်ပေးမည်ဟု ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်သည် လူလတ်တန်းစား မိသားစုများမှ ကျောင်းသားများအား ကျောင်းလခ မတတ်နိုင်သည့် ပြဿနာများကို ဖြေရှင်းပေးရန် ရည်ရွယ်ပါသည်။
ထို့အပြင် တစ်နှစ်လျှင် ဒေါ်လာ ၆၅,၀၀၀ အောက် ဝင်ငွေရှိသည့် မိသားစုများမှ ကျောင်းသားများသည် နေထိုင်စရိတ်နှင့် အစားအသောက်စရိတ်များကိုပါ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။ ယင်းအစီအစဉ်သည် Harvard ၏ ဝင်ငွေနည်းပါးသော်လည်း ပညာတတ်ကျောင်းသားများအား ကျောင်းတက်နိုင်ရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုရှိ Ivy League တက္ကသိုလ်များထဲမှ တစ်ခု ဖြစ်သော Harvard University သည် ယခင်က တစ်နှစ်လျှင် ဒေါ်လာ ၈၅,၀၀၀ အောက် ဝင်ငွေရှိသော မိသားစုများမှ ဘွဲ့ကြို ကျောင်းသားများအား ကျောင်းလခကို အခမဲ့ပေးခဲ့ပြီး ယခုအခါတွင် လူလတ်တန်းစား မိသားစုများမှ ကျောင်းသားများအပါအဝင် ပိုမိုများပြားသော ကျောင်းသားများအတွက် ပညာရေးကို စရိတ်သက်သာစွာဖြင့် ရယူနိုင်စေရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့သည်။
Harvard ၏ ပညာသင်ဆုအစီအစဉ်သည် အမေရိကန်ပြည်ထောင်စုတွင် အထင်ရှားဆုံးသော အစီအစဉ်များထဲမှတစ်ခုဖြစ်ပြီး စီးပွားရေးအခြေအနေ အမျိုးမျိုးမှ ကျောင်းသားများအား ပိုမိုလာရောက် လျှောက်ထားပြီး Harvard ၏ ပညာရေးကို အကျိုးရှိစွာ ရယူနိုင်ရန် မျှော်လင့်ထားသည်။
ဤကြေညာချက်သည် ထိပ်တန်းတက္ကသိုလ်များတွင် ပညာသင်ဆုများ တိုးမြှင့်ပေးခြင်းနှင့် ကျောင်းသားများ၏ ကြွေးမြီပြဿနာများကို လျှော့ချပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ပညာရေးကို ပိုမိုလက်လှမ်းမီနိုင်စေရန် ရည်ရွယ်ချက်ဖြင့် Harvard သည် ပိုမို ကျယ်ပြန့်ပြီး ကွဲပြားသောပညာရေးအသိုင်းအဝိုင်းကို ဖန်တီးရန် ရည်ရွယ် ထားသည်။
၂၀၂၅-၂၆ ပညာသင်နှစ်တွင် အစီအစဉ်ကို စတင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း တက္ကသိုလ်ကထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
၂၀၂၄-၂၅ ပညာသင်နှစ်အတွက် နေထိုင်စရိတ်နှင့် အစားအသောက် စရိတ်များအပါအဝင် ကျောင်းလခနှင့် အခကြေးငွေများသည် ဒေါ်လာ ၈၂,၀၀၀ ကျော်ရှိကြောင်း တက္ကသိုလ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။
အခြားထင်ရှားသော တက္ကသိုလ်များတွင်ပြုလုပ်ခဲ့သည့် အလားတူ လုပ်ဆောင်ချက်များနောက်ပိုင်း ဤအစီအစဉ်သည် အမေရိကန် ပြည်ထောင်စု ရှိ မိသားစုများ၏ ၈၆% ခန့်အား ပညာသင်ဆုအတွက် လျှောက်ထားစေနိုင်မည်ဖြစ်ကြောင်း တက္ကသိုလ်က ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ သန်းခေါင်စာရင်းအရ ၂၀၂၃ ခုနှစ်တွင် ပျမ်းမျှ အိမ်ထောင်စုဝင်ငွေမှာ ဒေါ်လာ ၈၀,၆၁၀ ဖြစ်သည်။
ကိုးကား-VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂