၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးခြေစစ်ပွဲအောင်မြင်ခဲ့သည့် အသင်းအဖြစ် ဂျပန်အသင်းမှတ်တမ်းဝင်

News Image

  • ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးခြေစစ်ပွဲအောင်မြင်ခဲ့သည့် အသင်းအဖြစ် ဂျပန်အသင်းမှတ်တမ်းဝင်

တိုကျို  မတ် ၂၁

ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) တတိယအဆင့် အုပ်စုပွဲစဉ်အဖြစ်ကစားခဲ့သည့် ဂျပန်အသင်းနှင့် ဘာရိန်းအသင်းတို့ပွဲစဉ်တွင် ဂျပန်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အုပ်စုပွဲစဉ်များမပြီးဆုံးမီ ခြေစစ်ပွဲအောင်မြင်ခဲ့သကဲ့သို့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးခြေစစ်ပွဲအောင်မြင်ခဲ့သည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဂျပန်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) တတိယအဆင့် အုပ်စု (C) တွင် ဩစတြေးလျအသင်း၊ ဆော်ဒီအာရေဗျအသင်း၊ အင်ဒိုနီးရှားအသင်း၊ ဘာရိန်းအသင်း၊ တရုတ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ယခုအခါ ဘာရိန်းအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အုပ်စုခုနစ်ပွဲကစားပြီးချိန်တွင် ခြောက်ပွဲအနိုင်ရရှိခဲ့ကာ တစ်ပွဲသရေရလဒ်ဖြင့် တစ်ပွဲမှ ရှုံးနိမ့်ခြင်းမရှိဘဲ ရမှတ် ၁၉ မှတ်ဖြင့် အုပ်စုပထမနေရာတွင် ရပ်တည်နေပြီး အုပ်စုပွဲစဉ် သုံးပွဲကစားရန် ကျန်ရှိနေသည့်အချိန်တွင် ဒုတိယနေရာမှ ဩစတြေးလျအသင်းကို ရမှတ်ကိုးမှတ်ထိ ဖြတ်တောက်နိုင်ခဲ့သည့်အတွက် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

ဂျပန်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) တတိယအဆင့် အုပ်စုလက်ကျန်ပွဲစဉ်များအဖြစ် မတ် ၂၅ ရက်တွင် ဆော်ဒီအာရေဗျအသင်း၊ ဇွန် ၅ ရက်တွင် ဩစတြေးလျအသင်းနှင့် ဇွန် ၁၀ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ဆက်လက်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ