ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် တင်သွင်းရောက်ရှိ စက်သုံးဆီဈေးနှုန်းများ လျော့နည်းကျဆင်း

News Image

  • ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် တင်သွင်းရောက်ရှိ စက်သုံးဆီဈေးနှုန်းများ လျော့နည်းကျဆင်း

ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် စီမံတင်သွင်းလျက်ရှိသဖြင့် ပြည်တွင်းစက်သုံးဆီ ဖူလုံမှုအခြေအနေမှာ နေ့စဉ်သုံးစွဲမှုပမာဏအပြင် အရန်ဆီအနေဖြင့်လည်း ရက်သတ္တသုံးပတ်စာခန့်အထိ ကြိုတင်တင်သွင်းသိုလှောင်ထားရှိကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် သီလဝါရှိ ဆီချဆိပ်ကမ်းများတွင် စက်သုံးဆီတင်သင်္ဘောသုံးစင်းဆိုက်ကပ်ချယူလျက်ရှိပြီး လမ်းခရီးတွင် ခုနစ်စင်း၊ ပြည်ပနိုင်ငံတွင် စက်သုံးဆီတင်ဆောင်နေသော သင်္ဘောလေးစင်းနှင့် စက်သုံးဆီတင်ရန် စောင့်ဆိုင်းနေဆဲ ခြောက်စင်းအပါအဝင် မတ်လအတွင်း သင်္ဘောအစင်း ၃၀ ဖြင့် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် စီမံတင်သွင်းလျက်ရှိသည်။

သီလဝါဒေသ သိုလှောင်ကန်စခန်းများမှ နိုင်ငံအဝန်းရှိ အရောင်းဆိုင်များနှင့် စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းအပါအဝင် အခြားလုပ်ငန်းကဏ္ဍ အသီးသီးသို့ အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် အဓိကဆက်သွယ်ရေး လမ်းကြောင်းကြီးများဖြစ်သည့် ရန်ကုန် - ပဲခူး - နေပြည်တော် - မန္တလေးအမြန်လမ်း၊ ရန်ကုန် -  ပုသိမ် - ချောင်းသာ - ငွေဆောင်လမ်း၊ သာစည် - ကလော - အင်းလေး- တောင်ကြီးလမ်း၊ မန္တလေး - မိတ္ထီလာ - ကျောက်ပန်းတောင်း - ပုပ္ပား- ပုဂံလမ်း၊ မန္တလေး - ပြင်ဦးလွင်လမ်း၊ မကွေး- မင်းဘူး - ရွှေစက်တော်လမ်းများပေါ်ရှိ အရောင်းဆိုင်များနှင့် မြို့ကြီးများရှိ အဓိကအရောင်းဆိုင်များသို့ စက်သုံးဆီ ကြိုတင်ဖြည့်တင်းထားခြင်းကြောင့် လာမည့်မဟာသင်္ကြန်ကာလအပါအဝင် အများပြည်သူ ရုံးပိတ်ရက်ရှည်များတွင် စက်သုံးဆီများကို လိုအပ်သည့်နေရာတွင် လိုအပ်သလောက် အဆင်ပြေလွယ်ကူချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ကြမည်ဖြစ်သည့်အပြင် အခြားလုပ်ငန်းကဏ္ဍအသီးသီးတို့တွင်လည်း လိုအပ်သလောက် ဝယ်ယူသုံးစွဲနိုင်ကြမည်ဖြစ်သဖြင့် လုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

စက်သုံးဆီဈေးနှုန်းများသည်လည်း မတ်လအတွင်းတွင် ဆက်တိုက်ကျဆင်းလျက်ရှိရာ ယခုအပတ်တွင်လည်း ယခင်ကထက် တစ်လီတာလျှင် ၇၀ ကျပ် မှ ၇၅ ကျပ်အထိ ထပ်မံကျဆင်းခဲ့ကြောင်း သိရှိရသည်။

Source: www.moi.gov.mm