မြိတ်မြို့နယ်နှင့်ကျွန်းစုမြို့နယ်ကိုဆက်သွယ်ထားသည့် မင်းသန်း-မောင်းလှော်(တနင်္သာရီမြစ်ကူးတံတားကြီး) တည်ဆောက်ပြီးစီးပြီ

News Image

  • မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်ကို ဆက်သွယ်ထားသည့် မင်းသန်း-မောင်းလှော်(တနင်္သာရီမြစ်ကူးတံတားကြီး) တည်ဆောက်ပြီးစီးပြီ

မြိတ်   မတ် ၂၃

မြိတ်နှင့် ကျွန်းစုကို ဆက်သွယ်ထားသည့် မင်းသန်း- မောင်းလှော် (တနင်္သာရီမြစ်ကူးတံတားကြီး) တည်ဆောက်မှုရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့နယ်နှင့်ကျွန်းစုမြို့နယ်သို့ ဆက်သွယ်ထားသည့် အဆိုပါ တံတားကြီးကို တနင်္သာရီမြစ်ကူးတံတား(ဒေသအခေါ် မင်းသန်း-မောင်းလှော်တံတား) ဟုခေါ်ဆိုကြပြီး တနင်္သာရီမြစ်ကြီးကို ဖြတ်သန်းဖောက်လုပ်ထားကြောင်း သိရသည်။

အဆိုပါ တံတားကြီးကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

“ယခုလက်ရှိ တံတားပေါ်ကနေ ဆိုင်ကယ်၊ ကားတွေ ဖြတ်သန်းသွားလို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် တံတားဖွင့်ပွဲပြီးမှ ဒေသခံပြည်သူတွေအားလုံး ဖြတ်သန်းအသုံးပြုနိုင်မှာပါ။ အရင်က ရေလမ်းခရီးကိုပဲ အဓိကအသုံးပြုနေရတဲ့ မြိတ်မြို့နယ်နဲ့ ကျွန်းစုမြို့နယ်က ဒေသခံတွေအတွက် ယခုအခါ ကုန်းလမ်းကနေ တိုက်ရိုက်သွားလို့ရပါပြီ” ဟု မောင်းလှော်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ စီမံကိန်းကို ငွေကျပ်သန်းပေါင်း ၁၃၉၁၀ (၁၃ ဘီလီယံကျော်) အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း၊ ယင်းတံတားကြီးသည် မြိတ်မြို့နယ်ရှိ မင်းသန်းကျေးရွာနှင့် ကျွန်းစုမြို့နယ်ရှိ မောင်းလှော်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် မြစ်ကူးတံတားဖြစ်ကြောင်း တံတားဦးစီးဌာနက တည်ဆောက်ရေးအဖွဲ့ (၄)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မင်းသန်း- မောင်းလှော်မြစ်ကူးတံတားမှာ အရှည်ပေ ၂၁၀၀ (၆၄၀ မီတာ) ရှည်လျားပြီး ယာဉ်သွားလမ်းအကျယ် ၂၂ ပေ၊ ရေလမ်းကင်းလွတ် အမြင့် ၂၆ ပေ ရှိပြီး ပြည်ထောင်စုကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရန်ပုံငွေနှင့် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေတို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားကြီးမှာ ကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်တို့မှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့အတွက် ရာသီမရွေးသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြင့်ဦး(မြိတ်)

Source: မြန်မာ့အလင်းသတင်းစာ