ဘိလပ်မြေစျေးမြှင့်ပြီးရောင်းသည့် အရောင်းဆိုင် (၆၀)ကျော်ကို အရေးယူရန်ဆောင်ရွက်နေ

News Image

  • ဘိလပ်မြေစျေးမြှင့်ပြီးရောင်းသည့် အရောင်းဆိုင် (၆၀)ကျော်ကို အရေးယူရန်ဆောင်ရွက်နေ

ဘိလပ်မြေဝယ်လိုအားမြင့်တက်နေချိန်တွင် စျေးကွက်အတွင်း၌ စျေးနှုန်းမြှင့်တင်ပြီးရောင်းချနေသည့် အရောင်းဆိုင်(၆၀)ကျော်ကို အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၅၉)ဆိုင်နှင့် ဂိုထောင်(၁)လုံး၊ ရန်ကုန်တိုင်းရှိ မြို့နယ်(၃၄)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၈၇)ဆိုင်နှင့် ပြည်ပမှ ဘိလပ်မြေတင်သွင်းရောင်းချသည့် ကုမ္ပဏီ(၃)ခု၊ မန္တလေးတိုင်းရှိ မြို့နယ်(၁၁)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၈၈)ဆိုင်တို့ကို စစ်ဆေးခဲ့ကြသည်။

ထို့ပြင် ပဲခူးတိုင်းရှိ မြို့နယ်(၃)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၁၉)ဆိုင်၊ စစ်ကိုင်းတိုင်းရှိ စစ်ကိုင်းမြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၄)ဆိုင်၊ ရှမ်းပြည်နယ်ရှိ မြို့နယ်(၃)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၅၉)ဆိုင်တို့ကို ဧပြီ ၂၃ ရက်ကကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာမှ ဝယ်ရင်းဈေးထက် အမြတ် ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိအမြတ်ယူရောင်းချလျက်ရှိသည့်(၃၀)ဆိုင်၊ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းနှင့်အထက် အမြတ်ယူရောင်းချလျက်ရှိသော(၃၂)ဆိုင်နှင့် ဘိလပ်မြေအိတ်များအား မသမာသည့်နည်းလမ်းဖြင့် ပြုလုပ်ရောင်းချသည့် တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်ကွက်တွင် ဖွင့်လှစ်ထားသော ပြည့်စုံအောင်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် စိုးတင့်အောင်အပါအဝင် (၈)ဦး တို့ကို ဥပဒေအရအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပူးပေါင်းအဖွဲ့ဝင်များသည် အိမ်ဆောက်ပစ္စည်းများနှင့် ဘိလပ်မြေဈေးနှုန်းများကို စျေးနှုန်းမြင့်မားစွာမြှင့်တင်ရောင်းချသူများအား ဆက်လက်ဖော်ထုတ်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည်။

Source: Popular Myanmar