ဆန်စက်(၂၈)ခုတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ် (၄၁)မဂ္ဂါဝပ် ထုတ်လုပ်မည့် အစီအစဉ် ယခုနှစ်အတွင်း အပြီးလုပ်ဆောင်မည်

News Image

  • ဆန်စက်(၂၈)ခုတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ် (၄၁)မဂ္ဂါဝပ် ထုတ်လုပ်မည့် အစီအစဉ် ယခုနှစ်အတွင်း အပြီးလုပ်ဆောင်မည်

ဆန်စက်(၂၈)ခုတွင် ဆိုလာစနစ်တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အား စုစုပေါင်း (၄၁.၅) မဂ္ဂါဝပ် ထုတ်လုပ်မည့် အစီအစဉ်ကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်ရန် လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
အဆိုပါစနစ်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကပြီးခဲ့သည့် (၂၀၂၃) ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် မွန်ပြည်နယ်ရှိ ဆန်စက်တို့၌ စတင်အကောင်အထည်ဖော်လျက်ရှိနေကြောင်းသိရသည်။ “ပထမ(၁၁)ခုက တပ်ထားပြီး (၁၁)ခုကနေ တိုးရင်းနှင့်(၄၁)မဂ္ဂါဝပ်ဖြစ်သွားပါသည်။ ပထမက (၃)ခုပဲ စလုပ်ပြီး သီလဝါ၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ လပွတ္တာမြို့ကနေမှ (၁၁)ခု ဖြစ်သွားသည်။ (၁၁)ခုကနေ (၂၈)ခု ဖြစ်သွားပါသည်။ ထပ်မံ၍ နောက်ထပ် (၂)ယောက်က လာဆွေးနွေးနေပါသည်။ စာရင်းကတော့ မပြတ်သေးပါ။ တိုးနေပါသည်” ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News သို့ပြောသည်။ အဆိုပါ (၄၁ ဒသမ ၅) မဂ္ဂါဝပ်ကို ရန်ကုန်တိုင်းအတွင်းရှိ ဆန်စက်(၁၁)ခုတွင် (၁၇) မဂ္ဂါဝပ်၊ ဧရာဝတီတိုင်းအတွင်းရှိ ဆန်စက်(၈)ခု၌ (၁၄)မဂ္ဂါဝပ်၊ ပဲခူးတိုင်းအတွင်းရှိ ဆန်စက်(၃)ခု၌ (၅) မဂ္ဂါဝပ်၊ မန္တလေးတိုင်းအတွင်းရှိ ဆန်စက်(၂)ခု၌ (၁ ဒသမ ၅) မဂ္ဂါဝပ်၊ နေပြည်တော်ရှိ ဆန်စက်(၁)ခု၌ (၃) မဂ္ဂါဝပ်နှင့် မွန်ပြည်နယ်ရှိ ဆန်စက်(၁)ခု၌ (၁) မဂ္ဂါဝပ် စသည်ဖြင့် ဆန်စက်(၂၈)ခုတွင် တပ်ဆင်သွားမည်ဖြစ်‌ကြောင်း သိရသည်။ “ထို(၄၁.၅) မဂ္ဂါဝပ်ကို မိမိတို့ ညှိထားတာ (၃) လအတွင်း အပြီးဆောင်ရွက်နိုင်ရန် Plan လုပ်ထားပါသည်။ နောက်ဆုံး မပြီးဘူးဆိုလျှင်ပင် မိုးတွင်း၌ အပြီး ဆောင်ရွက်ရန် Plan လုပ်ထားပါသည်။ လာမည့်နွေရာသီမှာ အဆင်ချောမွေ့စေရန် ဖြစ်ပါသည်။ အကြမ်းဖျင်း အားဖြင့် ယခုသင်္ကြန်မတိုင်မီ ဧပြီလနှင့် မေလဆန်းလောက်အထိ တွက်ချက်မှု၊ ဈေးနှုန်းညှိနှိုင်းမှု၊ အရောင်း အဝယ်ကိစ္စများ ဆောင်ရွက်မည်ဖြစ်ပါသည်။ မေလထဲတွင် ဖရိန်တပ်ဆင်ခြင်း ဆောင်ရွက်နိုင်ရန် စီစဉ်မည် ဖြစ်ပါသည်။ အောက်ပိုင်းမြို့များကို ဇွန်၊ ဇူလိုင်လတွင် မိုးရွာသဖြင့် မတပ်ဘဲထားပြီး ဩဂုတ်၊ စက်တင်ဘာတွင် အပြီးတပ်ဆင်မည်ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် အတွင်း၌ ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ပါသည်” ဟု ဦးရဲမင်းအောင်ကဆက်လက်ပြောသည်။

နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ရာတွင်လည်း MOU လက်မှတ်ထိုးထားသော ဆိုလာကုမ္ပဏီ (၇) ခုသာမက ထပ်မံ၍ ဆောင်ရွက်လိုသည့် ကုမ္ပဏီများမှ လာရောက်ကမ်းလှမ်းလာပါက ၎င်းတို့ အနေဖြင့် MOUလက်မှတ် ဆက်ထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဆိုပါ ကုမ္ပဏီ(၇)ခုက ဆန်စက်တွေအကုန်လုံးကို ကွင်းဆင်း၊ တိုင်းတာ၊ တွက်ချက်ပြီး နည်းပညာပိုင်းနှင့် ပတ်သက်သည့် အကူအညီများပေးရန် အတွက် ဖြစ်ပါသည်။ ထိုကွင်းဆင်းသည့်အထဲမပါရှိသော ကုမ္ပဏီများနှင့် ဆောင်ရွက်လိုပါကလည်း ရပါသည်။ မိမိတို့အနေဖြင့် လုပ်ထုံးလုပ်နည်း အမှားအယွင်းဖြစ်မည်ဆိုးပါသည်။  အဆိုပါ ကုမ္ပဏီ(၇)ခုသည်လည်း နိုင်ငံတော်၏ စီမံကိန်းများတွင် ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီများ ချည်းသာ ဖြစ်ပါသည်။ အဓိကကတော့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက်ဖြစ်ပါသည်။ ထို့ကြောင့် ကုမ္ပဏီက (၇၊ ၈၊ ၉) ခု လည်းဖြစ်မည်။ ယခု ထိုကုမ္ပဏီ (၇)ခုက သွားရောက်ပြီး ဆန်စက်များကို ကွင်းဆင်းနေပြီ” ဟု ဆန်စပါး အသင်းချုပ်ကဆိုသည်။

ကိုးကား-ချယ်ရီ (NP News)