လစ်သူရေးနီးယားနိုင်ငံမှ ကျောင်းသားများအား ဉာဏ်ရည်တုနည်းပညာစည်းမျဉ်း ချိုးဖောက်ခြင်းကြောင့် ပညာသင်ကြားခွင့်ရပ်ဆိုင်း

News Image

  • လစ်သူရေးနီးယားနိုင်ငံမှ ကျောင်းသားများအား ဉာဏ်ရည်တုနည်းပညာစည်းမျဉ်း ချိုးဖောက်ခြင်းကြောင့် ပညာသင်ကြားခွင့်ရပ်ဆိုင်း

ဗင်နီးယက်စ်   မတ် ၂၅

လစ်သူရေးနီးယားနိုင်ငံ ဗင်းနီးယက်စ်တက္ကသိုလ်မှ ကျောင်းသားများသည် ယမန်နှစ်အတွင်း ပညာသင်ကြားရာ၌ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့သောကြောင့် ၎င်းတို့အား ပညာသင်ကြားခွင့်ရပ်ဆိုင်းခဲ့ကြောင်း လစ်သူရေးနီးယား အမျိုးသားရုပ်မြင်သံကြားဌာနက ပြောကြားသည်။

ကျောင်းသားများသည် ဉာဏ်ရည်တုနည်းပညာကို သုံးစွဲရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ကျောင်းသားများအား ယမန်နှစ်အတွင်းက စာတမ်းများတင်သွင်းစေခဲ့ရာတွင် ကျောင်းသားအချို့သည် ဉာဏ်ရည်တုနည်းပညာအကူအညီဖြင့် ကြိုးစားအားထုတ်မှုမရှိဘဲ အချက်အလက်များကို ကူးယူတင်သွင်းခဲ့သည်ဟု သိရသည်။

နိုင်ငံအတွင်းရှိ တက္ကသိုလ်များတွင် အလားတူကိစ္စရပ်များဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကျောင်းသားများအား ဆန်းစစ်ခဲ့ရာတွင် စာတမ်းများကို တင်သွင်းနိုင်သည့် အရည်အချင်း ပြည့်မီခြင်းမရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု ၎င်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဂျာကူနဒ်က ပြောကြားသည်။ ကျောင်းသားများသည် မိမိတို့၏ အရည်အချင်းဖြင့် ရေးသားဖြေဆိုရမည့် သင်ခန်းစာများကို ဉာဏ်ရည်တုနည်းပညာဖြင့် ဖြေဆိုခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ဉာဏ်ရည်တုနည်းပညာကို အသုံးချ၍ မသင့်တော်သည့် နည်းလမ်းဖြင့် ဖြေဆိုခဲ့သည့် ကျောင်းသားများ၏ အနာဂတ် ပညာသင်ကြားရေးအတွက် စိုးရိမ်ပူပန်ကြောင်းနှင့် ဉာဏ်ရည်တုနည်းပညာကိုသာ အစဉ်အမြဲ အသုံးချနေပါက ကျောင်းသားများ၏ အရည်အချင်းများ ကျဆင်းသွားမည်ဟု ကျောင်းသားများ ယူနီယံတာဝန်ရှိသူက ပြောကြားသည်။

Source: ကြေးမုံသတင်းစာ