ရီယာ့ဒ်မြို့၌ ပြုလုပ်သော ဆွေးနွေးပွဲများတွင် အမေရိကန်နှင့် ရုရှားတို့သည် ပင်လယ်နက်အတွင်း သင်္ဘောသွားလာမှုလုံခြုံစေရေးကို အာမခံရန်နှင့် အင်အားသုံးစွဲမှုကို ဖယ်ရှားရန် သဘောတူညီ
ရီယာ့ဒ်မြို့၌ ပြုလုပ်သော ဆွေးနွေးပွဲများတွင် အမေရိကန်နှင့် ရုရှားတို့သည် ပင်လယ်နက်အတွင်း သင်္ဘောသွားလာမှုလုံခြုံစေရေးကိုအာမခံရန်နှင့် အင်အားသုံးစွဲမှုကို ဖယ်ရှားရန် သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပါသည်။
သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတ ဗလာဒီမာ ပူတင်တို့အကြား သမ္မတ အဆင့် ဆွေးနွေးမှုများနှင့်အညီ အမေရိကန်ပြည်ထောင်စုသည် မတ်လ ၂၃ ရက်မှ ၂၅ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့တွင် ရုရှား ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နည်းပညာအဆင့် ဆွေးနွေးပွဲများကို စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲများအပြီးတွင် အမေရိကန်နှင့် ရုရှားနိုင်ငံတို့သည် ပင်လယ်နက်အတွင်း သင်္ဘောများဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေး သေချာစေရန်၊ အင်အားသုံးမှုကို ဖယ်ရှားရန်နှင့် စီးပွားဖြစ် သင်္ဘောများကို စစ်ရေးအရ ရည်ရွယ်ချက်များအတွက် အသုံးပြုမှုကို တားဆီးရန် သဘောတူညီခဲ့ကြသည်။
အမေရိကန်သည် ကမ္ဘာ့စျေးကွက်အတွင်း စိုက်ပျိုးရေးနှင့် မြေသြဇာထုတ်ကုန်များ တင်ပို့မှုအတွက် ရုရှား၏ အသုံးပြုခွင့်ကို ပြန်လည်ရရှိစေရန် ကူညီပေးမည့်အပြင် ပင်လယ်ရေကြောင်းဆိုင်ရာ အာမခံ အဖိုးအခများကို လျှော့ချပေးခြင်း၊ ထိုလုပ်ငန်းဆောင်တာများအတွက် ဆိပ်ကမ်းများနှင့် ငွေပေးချေရေးစနစ်များသို့ ဝင်ရောက်အသုံးပြုနိုင်မှုကို မြှင့်တင်ပေးရန် သဘောတူညီခဲ့ကြသည်။
အမေရိကန်နှင့် ရုရှားနိုင်ငံတို့သည် သမ္မတဒေါ်နယ်ထရမ့်နှင့် သမ္မတ ဗလာဒီမာပူတင်တို့၏ ရုရှားနှင့် ယူကရိန်းရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်မှုများကို တားမြစ်သည့် သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် နည်းလမ်းများ ရေးဆွဲမည်ဟု သဘောတူညီခဲ့ကြသည်။
အမေရိကန်နှင့် ရုရှားတို့သည် စွမ်းအင်နှင့် ပင်လယ်ရေကြောင်းဆိုင်ရာ သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် တတိယနိုင်ငံများ၏ အကူအညီပေးမှုများကို ကြိုဆိုပါသည်။
အမေရိကန်နှင့် ရုရှားတို့သည် တည်တံ့ခိုင်မြဲပြီး ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို ဆက်လက်ရယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စုသည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် နှစ်ဖက်စလုံးမှ အသက်ဆုံးရှုံးမှုများ ရပ်တန့်ရမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်၏ အရေးတကြီးလိုအပ်ချက်ကို ထပ်လောင်းအလေးထား ပြောကြားခဲ့ပြီး၊ ရီယာ့ဒ်တွင် ပြုလုပ်ခဲ့သော သဘောတူညီချက်များနှင့်အညီ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရန် နှစ်ဖက်စလုံးနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စုသည် အဆိုပါအရေးပါသော ဆွေးနွေးပွဲများကို ဆော်ဒီအာရေဗျနိုင်ငံ၌ ထပ်မံကျင်းပပေးရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် မင်းသား မိုဟာမက် ဘင်ဆာလမ်န်၏ ခေါင်းဆောင်မှုနှင့် ဧည့်ဝတ်ကျေပွန်မှုတို့အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါသည်။
ကိုးကား - The White House