ကမ္ဘာ့စစ်တပ်များသည် ရုရှားထံမှ သင်ယူနေကြကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြား

News Image

  • ကမ္ဘာ့စစ်တပ်များသည် ရုရှားထံမှ သင်ယူနေကြကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြား

ယူကရိန်းပဋိပက္ခသည် စစ်မြေပြင်အတွေ့အကြုံ၏ အဖိုးတန်ရင်းမြစ် ဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါသည်။

ကမ္ဘာ့စစ်တပ်အားလုံးသည် ယူကရိန်းပဋိပက္ခတွင် ရုရှားအသုံးပြုခဲ့သော နည်းဗျူဟာများနှင့် နည်းပညာများကို နီးကပ်စွာလေ့လာနေကြောင်း သမ္မတပူတင်က ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၃ရက်) တွင် ရုရှား၏ စစ်မှုထမ်းဆောင်ရေး ကော်မရှင်အစည်းအဝေး၌ ထုတ်ဖော်ပြောကြားခဲ့သည်။ ရုရှားသည် ၎င်း၏စစ်မှုထမ်းဆောင်ရေးနယ်ပယ်တွင်အောင်မြင်မှုများကို အခြေခံ၍ ရှေ့ဆက်လုပ်ဆောင်ရမည်ဟု ၎င်းကအလေးထားပြောကြားခဲ့သည်။ 

ရုရှား၏စစ်မြေပြင်အတွေ့အကြုံသည် ကမ္ဘာလုံးဆိုင်ရာစိတ်ဝင်စားမှုကို ရရှိနေကြောင်း၊ “မိမိတို့၏အထူးစစ်ဆင်ရေးလုပ်ငန်းသည် နည်းဗျူဟာရေးရာနှင့် လက်နက်ဖွံ့ဖြိုးရေးအရ ကမ္ဘာ့စစ်တပ်အားလုံး၊ အကြီးဆုံး လက်နက်ထုတ်လုပ်ရေးလုပ်ငန်းရှင်များနှင့် နည်းပညာကုမ္ပဏီများက လေ့လာနေကြသည်” ဟု သမ္မတ ဗလာဒီမာပူတင်က နိုင်ငံ၏ စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းကော်မရှင် အစည်းအဝေးပွဲ၌ ဖွင့်ဟပြောကြားခဲ့ ပါသည်။ ရုရှားသည် “တစ်ဆင့်ပို၍သာလွန်နေရမည်” ဟု ၎င်းက ပြောကြား ခဲ့သည်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှား၏စစ်အင်အားကို အဓိက ထောက်ပံ့ပေးနေသော လုပ်ငန်းများမှဝန်ထမ်းများအား ကျေးဇူးတင်ကြောင်း ပြောကြားရင်း၊ ယခုနှစ်တွင် ၂၀၂၄ ခုနှစ်ထက် ပိုမိုစိန်ခေါ်မှုများ ရင်ဆိုင် ရနိုင်ကြောင်း ထောက်ပြခဲ့ပါသည်။ 

၂၀၂၄ ခုနှစ်အတွင်း ရုရှားတပ်များသည် ဒရုန်း ၁.၅ သန်းကျော်နှင့် သံချပ်ကာယာဉ် ၄,၀၀၀ ကျော်ရရှိခဲ့သော်လည်း၊ ယူကရိန်းပဋိပက္ခတွင် အဓိကအရေးပါလာသော FPV (first person view) ဒရုန်းများ လိုအပ် နေဆဲဖြစ်ကြောင်း သမ္မတက ဖော်ပြခဲ့ပါသည်။ 

ထို့ပြင် ရုရှားသည် မောင်းသူမဲ့သင်္ဘောများ၊ စက်ရုပ်များနှင့် စစ်သုံးလေဆာများ ဖွံ့ဖြိုးရေးကို ဦးစားပေးသင့်ကြောင်း၊ ယခုအခါ ထိုနယ်ပယ်များတွင် တိုးတက်မှုအချို့ရှိလာပြီဖြစ်ကြောင်း ၎င်းကအလေးထား ပြောကြား ခဲ့သည်။ 

၂၀၂၄ ခုနှစ် အမေရိကန်စစ်တက္ကသိုလ်၏ စစ်ပွဲဆိုင်ရာအစီရင်ခံစာတွင် အီလက်ထရောနစ်စစ်ပွဲ၏အရေးပါမှုနှင့် စောင့်ကြည့်ရေးစနစ်များကြောင့် ဖြစ်ပေါ်လာသော စစ်မြေပြင်အမြင်သာမှု စိန်ခေါ်ချက်များအပါအဝင် ယူကရိန်းပဋိပက္ခမှသင်ခန်းစာများကို ဖော်ပြထားသည်။ 

တစ်ချိန်တည်းတွင် ယူကရိန်း၌ တိုက်ခိုက်မှုများ ဆက်လက်ပြင်းထန်နေချိန်၌ ရုရှားသည် နည်းပညာဆိုင်ရာ ထိုးထွင်းသိမြင်မှုများကို ထုတ်ယူပြီး ၎င်း၏ ကိုယ်ပိုင်စစ်မြေပြင်စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်လာစေရန် လေ့လာသုံးသပ်ရန်အတွက် တင့်ကားများ၊ သံချပ်ကာယာဉ်များ၊ သယ်ဆောင်ရလွယ်သော ဒုံးကျည်စနစ်များနှင့် နေတိုးစံချိန်စံညွှန်းမီဆက်သွယ်ရေးစနစ်များအပါအဝင် အနောက်နိုင်ငံများက ပံ့ပိုးပေးထားသော ကိရိယာအမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့ပါသည်။

ကိုးကား - RT