မန္တလေးငလျင်ကြီးကြောင့် ထွက်ပေါ်လာသော အင်းဝမြို့ရှိ ရေနန်းဆောင်ကြီးကို စနစ်တကျဖော်ထုတ်ထိန်းသိမ္းသွားမည်
မန္တလေးငလျင်ကြီးကြောင့် ထွက်ပေါ်လာသော အင်းဝမြို့ရှိ ရေနန်းဆောင်ကြီးကို စနစ်တကျဖော်ထုတ်ထိန်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ယနေ့ (ဧပြီလ ၈ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
ယခုတွေ့ရှိရသည့် အင်းဝမြို့ဟောင်းရှိ ရေနန်းတော်ဟု ယူဆနေကြသော အဆောက်အအုံ၏ တောင်ဘက်ရှိ သရက်ကင်းလှေကား အစိတ်အပိုင်းများကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ဒေသခံများ အုတ်ဖုတ်လုပ်ငန်း ဆောင်ရွက်ရာမှ စတင်တွေ့ရှိခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားရှိခဲ့ကြောင်း သိရသည်။
ထိုသို့ထိန်းသိမ်းထားရှိခဲ့ရာ မတ်လ ၂၈ ရက်က လှုပ်ခဲ့သော ပြင်းထန်ကြီးမားသည့် မန္တလေးငလျင်ကြီးကြောင့် ယခင်တွေ့ရှိထားသည့် လှေကားခုံနှင့် ဆက်စပ်လျက်ရှိသော ယဉ်ကျေးမှု အမွေအနှစ်များကို အက်ကွဲကြောင်းများကြားမှ ထပ်မံတွေ့ရှိလာရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဧပြီလ ၆ရက်မှ စတင်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲက စမ်းသပ်တူးဖော်ခဲ့ရာတွင် အရှေ့ဘက် သရက်ကင်းလှေကား၏ သရက်ကင်းပုံ မြောက်ဘက်လက်တံနှင့် ဆင်ကပ်အုတ်ခုံတို့ကို တူးဖော်တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့ပြင် ပန္နက်အုတ်ခုံ အလျား (၁၀ ပေ ၆ လက်မ)၊ အနက် (၃ ပေ ၈ လက်မ)၊ အုတ်ခံထောင့်ချိုး (၂ ပေ ၆ လက်မ)၊ အုတ်ခုံမှ လှေကားအထွက် ခိုနန်းချိုး (၁၈ လက်မ)၊ လက်ရုံးဒေါင့်ချိုး (၈ လက်မ)၊ ခိုနန်းချိုးမှ သရက်ကင်းအဆုံး (၁၁ ပေ ၄ လက်မ)တို့ကို တူးဖော်တွေ့ရှိထားပြီး ဆက်လက်တူးဖော်သုတေသန ပြုလုပ်လျက် ရှိကြောင်း သိရသည်။
လတ်တလော စမ်းသပ်တူးဖော်တွေ့ရှိချက်အရ ပုရပိုက်ပုံဆွဲများတွင် တွေ့ရှိရသည့် ရေနန်းတော်ကဲ့သို့ အဆောက်အအုံများစွာပါဝင်သည့် ကြီးမားသောအဆောက်အအုံမျိုး မဟုတ်ဘဲ အလျား (ပေ ၂၀၀ မှ ၂၅၀ ပေ)နှင့် အနံ (ပေ ၂၀၀ ခန့်) သစ်သားတိုင်များဖြင့် သရက်ကင်းလှေကားခုံကို တွဲဆက်တည်ဆောက်ထားသော အဆောက်အအုံမျိုးဖြစ်နိုင်ကြောင်း သိရသည်။
နီးစပ်ဆုံး နှိုင်းယှဉ်ရာတွင် အင်းဝ ဗားကရာ သစ်သားကျောင်း၊ မန္တလေးမြို့ရှိ ရွှေနန်းတော် ကျောင်းများကဲ့သို့ သရက်ကင်းလှေကား (၈ ခုမှ ၁၀ ခု) အထက်ပါရှိနိုင်သော အဆောက်အအုံမျိုး ဖြစ်နိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ဆိုသည်။
ရှေးမြန်မာမင်းများ အသုံးပြုခဲ့သည့် ရေနှင့်သက်ဆိုင်သော ပွဲလမ်းသဘင် အခမ်းအနားများ ကျင်းပသည်ကို ကြည့်ရှုရာတွင် အသုံးပြုသည့် အဆောက်အအုံမျိုး ပို၍ ဖြစ်နိုင်ကြောင်းနှင့် ရေနန်းတော်ထက် ရေနန်းဆောင်ဟုသာ သုံးနှုန်းသင့်ကြောင်း သိရသည်။
မြန်မာ့သမိုင်းတွင် ရေနန်းတော်ဟူသည် အုပ်ချုပ်သူဘုရင်မင်းကိုယ်တိုင် ဦးစီး၍ ခေါင်းဆေးမင်္ဂလာပြုခြင်း၊ သင်္ကြန်ခေါ်တော်မူခြင်း၊ အတာရေသဘင်ပွဲဆင်နွဲခြင်းနှင့် ရေခင်းသဘင် ဆင်ယင်ကျင်းပရန်အတွက် အရေးပါသည့် အဆောင်တော်များလည်းဖြစ်ကြောင်း သိရသည်။
အချုပ်အားဖြင့် ပုရပိုက်တွင် ပါရှိသည့် ရေနန်းတော်ကဲ့သို့ ကြီးကျယ်သည့် အဆောင်ခန်းများပါဝင်သည့် အဆာက်အအုံမဖြစ်နိုင်ကြောင်းကို ကနဦးလေ့လာတွေ့ရှိ သုံးသပ်ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား အစဉ်တစိုက်တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုငလျင်ကြီးကြောင့် ထွက်ပေါ်လာသည့် အင်းဝခေတ် ယဉ်ကျေးမှု အဆောက်အအုံမွေအနှစ်ကို စနစ်တကျ ဖော်ထုတ် ထိန်းသိမ်းသွားပြီး အများပြည်သူ လေ့လာနိုင်ရန်အတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အဆိုပါတွေ့ရှိသည့် ရေနန်းဆောင်ကိုထီးသုံး၊ နန်းသုံးအနေဖြင့် ရေနန်းဗိမာန်ဟု ခေါ်ဆိုကြောင်း U Pauk Paukက ဆိုထားသည်။
Source: NP News