စစ်ကိုင်းပြတ်ရွေ့နှင့် သတိထားရမည့်အရာများ
လွန်ခဲ့သည့် မတ်လ(၂၈)ရက်က အင်အားရစ်ချ်တာစကေး (၇ ဒသမ ၇)အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်။ ပိတ်မိသူများကို ကယ်ထုတ်ရေး၊ သေဆုံးသူများကိုဖော်ယူရေး လုပ်ငန်း လုပ်ကိုင်နေကြသော ကူညီ၊ ကယ်ဆယ်ရေးအဖွဲ့များမှာလည်း မအားလပ်နိုင်အောင် ဖြစ်နေ ကြရပြီဖြစ်သည်။ ထို့ပြင် နောက်ဆက်တွဲ ငလျင်များကလည်း ဆက်လှုပ်နေသေးရာ ပြည်သူများ အနေဖြင့် စိုးရိမ်စိတ်ဖြင့် ဆက်လက်နေထိုင်နေရဆဲဖြစ်သည်။ ယင်းဖြစ်စဉ်အားလုံး၏ မြစ်ဖျားခံ ရာသည်ကား မြန်မာနိုင်ငံ၏ အလယ်မှဖြတ်သန်းသွားသော စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်သည်။ စစ်ကိုင်းပြတ်ရွေ့၏ သဘာဝ၊ ဆိုးကျိုးများနှင့် သတိထားသင့်သည်များနှင့်ပတ်သက်၍ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်ကို NP News က ဆက်သွယ်မေးမြန်းကာ ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - ပထမဆုံးမေးချင်တာက အားလုံးလည်း အကြမ်းဖျင်းသိကြတယ်ဆိုပေမယ့် အခြေခံကျတာ ကနေစပြီး မေးချင်ပါတယ်ဆရာ။ အခု ငလျင်ကို ဖြစ်စေခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့အကြောင်း အကျဉ်းချုပ် အရင် ရှင်းပြပေးပါလားခင်ဗျာ။
ဖြေ - စစ်ကိုင်းပြတ်ရွေ့က (၁၈၃၀) ပြည့်နှစ်လောက်တည်းကိုက ဖြစ်ခဲ့တယ်ရှိတယ်ပေါ့နော်။ သို့သော် အခု နောက်ပိုင်းကာလမှာကတော့ နည်းပညာပိုင်းလည်း တိုးတက်လာတဲ့ အခါကျတော့ (၁၉၃၀၊ ၁၉၄၅) အဲဒီနောက်ပိုင်းမှာတော့ ဒီစစ်ကိုင်းပြတ်ရွေ့ကြီးကို မြေပုံပေါ်မှာလည်း သေချာ ပုံဖော်ပြီး ဆွဲနိုင်တဲ့ အနေအထား ဖြစ်လာတာပေါ့။ ဖြစ်လာတယ်ဆိုတဲ့အခါကျတော့ ဒီစစ်ကိုင်း ပြတ်ရွေ့က အပိုင်းတွေတော့ ခွဲထားတယ်။ သို့သော် အားလုံးကတော့ စစ်ကိုင်းပြတ်ရွေ့ပဲပေါ့။ စစ်ကိုင်းပြတ်ရွေ့ကြီးအပေါ်မှာ လှုပ်တဲ့ငလျင်တွေကတော့ (၁၈၃၀)ကနေ စပြီးတော့ (၁၉၃၀)၊ အခု (၂၀၂၅)စသည်ဖြင့်ပေါ့နော် အကြမ်းဖျင်း နှစ်တစ်ရာတိုင်း၊ နှစ်တစ်ရာတိုင်းမှာ ငလျင်အကြီး ကြီးတွေ လှုပ်တတ်တယ်။ အဲဒီလိုအနေ အထားမျိုးတွေရှိတယ်။သူ့အပြင်ကို (၁၉၁၂)ခုနှစ်တို့၊ (၂၀ဝ၃) ခုနှစ် တောင်တွင်းကြီး ငလျင်တို့၊ ပုဂံငလျင်တို့ နောက်ပြီးတော့မှ ချောက်တို့၊ သပိတ်ကျင်းတို့ အဲဒီ နေရာတွေမှာလည်း အင်အား အလယ်အလတ်အဆင့်၊ အဲဒါထက်ပိုတဲ့ ငလျင်မျိုးတွေလည်း လှုပ်ခဲ့တာတွေ ရှိပါတယ်။ (၆ ဒသမ ၈) အဲဒါမျိုးတွေ လှုပ်ခဲ့တယ်။ အဲဒီတော့ အခုက စစ်ကိုင်းနဲ့ တကောင်းအပိုင်းမှာရှိတဲ့ ပြတ်ရွေ့အပိုင်း သုံးပိုင်းထဲမှာ ပေါ့နော်။ စစ်ကိုင်း - တကောင်း အပိုင်း၊ ပဲခူး-တောင်ငူ အပိုင်း စသည်ဖြင့် အပိုင်းတွေ ခွဲထားတယ်။ ခွဲထားပေမယ့် ဒီအပေါ်မှာပဲ ငလျင်ကြီး တွေ လှုပ်တတ်တယ်။ ရန်ကုန်မြို့ရဲ့ အရှေ့ဘက် မိုင် (၂၀) ကျော်လောက်ကနေ ဖြတ်ပြီးတော့ သွားတဲ့ဟာက ဟိုးကချင်ပြည်နယ်ထဲ အထိရောက်တာကိုး။ အဲဒီတော့ ဒီစစ်ကိုင်းပြတ်ရွေ့ကြီး ကတော့ နှစ်တော်တော်ကြာတဲ့အထိ ဆက်ပြီးတော့ရှိနေဦးမယ်။ သူ့အပေါ်ကနေ ပြင်းထန်တဲ့ ငလျင်ကြီးတွေလည်း နောက်အချိန်ကာလ အပိုင်းအခြားတွေမှာဆက်ပြီး လှုပ်တာတွေလည်း ရှိနေနိုင်ပါသေးတယ်ဗျ။
မေး - ဆရာခင်ဗျာ အခုငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူတွေဟာ နောက်ဆက်တွဲငလျင်တွေကို ကြောက်နေကြတယ်။ ဒါကို ကာလဘယ်လောက်အထိ ကြုံရနိုင်ပါသလဲ ဆရာ။
ဖြေ - အခု ပြီးခဲ့တဲ့ နောက်ဆက်တွဲငလျင်တွေအနေနဲ့ ဘယ်လောက်အထိများခဲ့ပြီးပြီလဲဆိုတဲ့ အနေအထားမှာ (၂၃၅)ကြိမ်လောက်အထိတော့ လှုပ်ပြီးသွားပြီ။ သူ့အရင်က ကျွန်တော်တို့နိုင်ငံ ထဲမှာတော့ မဟုတ်ဘူး။ အိန္ဒိယ တက်တိုးနစ်ပလိတ်နဲ့ ဒီဘက်က တက်တိုးနစ်နဲ့ အတူတူတွဲပြီးလှုပ်တဲ့ နေရာတွေမှာ ဥပမာ - နီပေါငလျင် ဆိုပါတော့။ နီပေါ ငလျင်ဆိုရင် (၇ ဒသမ ၆) လှုပ်တယ်။ သူက လူကိုးထောင်လောက် အသေအပျောက်ဖြစ်တယ်။ ပြီးတော့ နောက်ဆက်တွဲ ငလျင်က အကြိမ် (၃၀၀) လောက်အထိ လှုပ်ပါတယ်။အခုကျွန်တော်တို့က အဲဒီအကြိမ် (၃၀၀)ကိုတော့ မမီသေးဘူးပေါ့။ အဲဒီလို လှုပ်နိုင်ခြေကတော့ရှိနေသေးတယ်။
မေး - တချို့ပြည်ပပညာရှင်တွေက နှစ်လလောက်အထိ လှုပ်နိုင်တယ်လို့လည်း ပြောကြပါတယ်။ နောက်ဆက်တွဲ ငလျင်တွေဟာ အင်အား ရစ်ချ်တာ စကေး ဘယ်လောက်အထိ ရောက်လေ့ရှိပါသလဲ ခင်ဗျာ။
ဖြေ - ဟုတ်ပါတယ် အဲဒါလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေက အများကြီးရှိတာပေါ့။ တစ်လ၊ နှစ်လ အဲဒီလောက် အထိက လှုပ်နိုင်ခြေရှိတယ်။ ကျဲတော့ ကျဲသွားမယ်ပေါ့။ ဥပမာ -ဒီနေ့ (ဧပြီလ ၁ ရက်) ဆိုရင် ငလျင်လှုပ်လိုက်တဲ့ အနေအထားမှာ ထိုင်း ငလျင်ဌာနကရတဲ့ ဒေတာတွေကိုပဲ (၁၉၇၀) လောက်ကစပြီးတော့ ရတဲ့ဒေတာတွေကို အသေးစိတ် ပြန်ကြည့်တာပေါ့။ ကြည့်တော့ ပြီးခဲ့တဲ့ငလျင် လှုပ်လိုက်တဲ့အနေအထားတွေမှာ ဒီနေ့ဆိုရင် တော်တော်လေး အကြိမ်ရေများများ လှုပ်တယ်လေ။ ထပ်ပြီးတော့ လှုပ်နိုင်ခြေလည်းရှိသေးတယ်။ဒါပေမဲ့ အကြီးကြီးတွေတော့မရှိတော့ဘူး။အကြီးကြီးတွေဆိုတာက အများဆုံး (၄ ဒဿမ ၁၊ ၂) က ဒါ အကြီးဆုံးပေါ့။ပြီးတော့တော့ (၂ ဒဿမ ၁) တို့လို သေးသေး လေးတွေပဲရှိတယ်။ အဲဒီတော့ ပဲခူးနားမှာဆိုလည်း ပဲခူး၊ တောင်ငူ၊ ဖြူး၊ ကညွတ်ကွင်းတို့ ဆိုလည်း အဲဒီပတ်ဝန်းကျင်းမှာ ဒီနေ့လှုပ်တာများတယ်။ဒါပေမဲ့ သူလည်းသေးသေးပေါ့။ငလျင်လှုပ်တဲ့ အင်အားက သေးလာတယ်။ လှုပ်တဲ့ အကြိမ်ရေက ကျဲလာတယ်ပေါ့။ တဖြည်းဖြည်းနဲ့ ပျောက်သွားနိုင်တယ်။ လျော့လာပြီးတော့ တဖြည်းဖြည်းနဲ့ ပျောက်ပြီး ပြီးသွားတဲ့အနေအထားကို ရောက်သွားနိုင်တယ်။ သို့သော် ဒီအချိန်သည်၊ နောက်ဆက်တွဲ ငလျင်လှုပ်နေတဲ့ အနေအထားသည် ခုနကပြောသလို တစ်လလောက်လည်း ကြာရင်ကြာမယ်။ တစ်လထက် ပိုချင်လည်း ပိုသွားနိုင်ပါတယ်။
မေး - ဒုတိယတစ်ခု ဆက်စပ်မေးချင်တာက မှတ်သားရဖူးတာ ရှိပါတယ်။ စစ်ကိုင်းပြတ်ရွေ့ဟာ မလှုပ်ပဲ အချိန်ကြာလေလေ ပြင်းအားများနိုင်လေလေဆိုတာပါဆရာ။ ငလျင်ပညာရှင်တွေ စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ကြတဲ့ စစ်ကိုင်းပြတ်ရွေ့ဟာ အခုတော့ (၇ ဒသမ ၇) ပြင်းအားနဲ့ လှုပ်ခဲ့ပြီပေါ့လေ။ နောက်ထပ်ဘယ်လောက်ကြာရင် စပြီးတော့ စိုးရိမ်ရတော့မလဲ ဆရာ။
ဖြေ - (နောက်တစ်ကြိမ်က) အနည်းဆုံး နှစ်ပေါင်း ၅၀၊ ၆၀ လောက်ကတော့ အကြမ်းဖျင်း ခန့်မှန်းထား တာပေါ့။ ဒီအချိန် Circle ပေါ့။ အဲဒီလောက်မှာတော့ ပြန်ပြီးလှုပ်နိုင်တယ်။ တစ်ခုရှိတာက ပြင်းအား ရစ်ချ်တာစကေး (၇)ကျော်တဲ့ ငလျင် အကြီးကြီးတွေပေါ့။ (၇)အကျော် (၈)နီးပါးလောက်ရှိတဲ့ ငလျင် အကြီးကြီးတွေထက် ကာလနှစ်သုံးဆယ်၊ လေးဆယ်၊ ငါးဆယ် ကာလ ပတ်ဝန်းကျင်တွေမှာ လှုပ်နိုင် တာက အင်အား (၆ ဒသမ ၈) ပတ်ဝန်းကျင်၊ (၆) ပတ်ဝန်းကျင် အဲဒီလောက်ပဲ လှုပ်နိုင်တော့တယ်။ (အဲဒီလောက်နှစ်တွေအတွင်းမှာ အကြမ်းဖျင်းအားဖြင့်)ငလျင်အကြီးကြီးတော့ မလာဘူးပေါ့။
မေး - ရန်ကုန်က စစ်ကိုင်းပြတ်ရွေ့နဲ့ နီးတော့ ရန်ကုန်အနားမှာ ဗဟိုပြုတဲ့ ငလျင်က ဖြစ်လာနိုင်ဖွယ်ရာ ရှိပါသလားဆရာ။ငလျင်ကို ကြိုပြီးမခန့်မှန်းနိုင်ပေမယ့်ပေါ့။
ဖြေ - ငလျင်အကြီးကတော့ ရန်ကုန်ရဲ့ အရှေ့ဘက်ကနေသွားတဲ့ စစ်ကိုင်းပြတ်ရွေ့ရဲ့ အောက်ဆုံး အပိုင်းပေါ့။အောက်ဆုံးအပိုင်းကနေ လှုပ်တဲ့အနေ အထားကတော့ (၁၉၃၀) မှာ (၇ ဒသမ ၄) လှုပ်တာ ပြီးသွားတဲ့ နောက်ပိုင်းတော့ မရှိသလောက်ပဲပေါ့။ရန်ကုန်မှာလှုပ်တတ်တာက ဒေးဒရဲပြတ်ရွေ့ ကြီးကြောင့်လှုပ်တတ်တယ်။ဒါပေမဲ့ အကြီးကြီးတော့မဟုတ်ဘူး။ ငါး၊ခြောက် ပတ်ဝန်းကျင်လောက် အထိတော့ လှုပ်တတ်ပါတယ်ခင်ဗျာ။
မေး - အခုလှုပ်ခဲ့တဲ့ငလျင်ဟာ ဇောက်တိမ်တယ်လို့ ပြောကြပါတယ်။ ငလျင် ဇောက်တိမ်တယ်၊နက်တယ် ဆိုတာက ဘာနဲ့ဆိုင်ပါသလဲဆရာ။ဘာကို ကြည့်ပြီးပြောကြတာပါလဲ။
ဖြေ - သူက ဇောက်တိမ်တယ် ဆိုပေမယ့် အောက်က (၁၀)ကီလိုမီတာ ရှိတယ်ဗျ။ (၁၀)ကီလိုမီတာ ဆိုတာလည်း နည်းတော့မနည်းဘူးပေါ့နော်။တချို့နေရာတွေမှာ (၁)ကီလိုမီတာအနက်နဲ့ လှုပ်သွားတဲ့ (နောက်ဆက်တွဲ) ငလျင်တွေလည်း ရှိတယ်။(၁၀) ကီလိုမီတာနဲ့လှုပ်တယ်ဆိုတာက အိန္ဒိယ တက် တိုးနစ်ပလိတ်နဲ့ ယူရိုအေးရှားနဲ့ နှစ်ခုကြားပလိတ် နှစ်ခု သွားနေတဲ့အနေအထားကနေလှုပ်တဲ့ ဥစ္စာ ကတော့ ပုံမှန်အားဖြင့် အဲဒီလောက်ပဲ လှုပ်နေတာတော့များတယ်။(၁၀)ကီလိုမီတာနဲ့ပဲ ပုံမှန်သွား နေတယ်ပေါ့နော်။ပင်လယ်ပေါ့။ကပ္ပလီပင်လယ်မြောက်ပိုင်းမှာရှိတဲ့ ဘားမား မြေထု ချပ်ဆိုတာရှိ တယ်။ ဘားမား တက်တိုးနစ် ပလိတ်ပေါ့။ စစ်ကိုင်း ပြတ်ရွေ့ဆိုတာက အဲဒီကနေ စတာပေါ့။ အဲဒီမှာက ပင်လယ်ထဲမှာ ဆိုတော့ (၂၅)ကီလိုမီတာ လောက်ကနေ လှုပ်တာများတယ်။ အဲဒီတော့ ကျွန်တော် ပြောချင်တာက ဒေသတစ်နေရာ၊ တစ်နေရာမှာ ဇောက်အနက်က ပုံမှန်လောက်ကို ဖြစ်နေတာပေါ့နော်။ မြန်မာပြည်မှာ လှုပ်တာတွေ ဆိုရင် (၁၀)ကီလိုမီတာ အနက်လောက်နဲ့ လှုပ်တယ်။ရှမ်းပြည်ဘက်က ကျောက်ကြမ်းပြတ်ရွေ့တို့ဘာတို့ဆိုရင်လည်း အဲဒီလောက်ပဲ။ (၁၀) ကီလိုမီတာ၊ (၂၀)ကီလိုမီတာ အဲဒီလောက်ပတ်ဝန်းကျင်မှာ လှုပ်နေတာလေ။ အဲဒီလောက်ကများပါတယ်။
မေး - မြန်မာ့မြေပေါ်မှာ ကျွန်တော်တို့ သတိထားရမယ့် ပြတ်ရွေ့က စစ်ကိုင်းပြတ်ရွေ့တစ်ခုပဲရှိတာလား ဆရာ။ တခြား ဘယ်ပြတ်ရွေ့ကို သတိထားရမလဲ ခင်ဗျာ။
ဖြေ - တော်တော်များပါတယ်။ဥပမာ ဆိုပါတော့ ကဘော်ပြတ်ရွေ့ရှိတယ်။ အဲဒါဆိုရင်လည်း ကဘော် ချိုင့်ဝှမ်းဘက်မှာ ခဏခဏလှုပ်နေတဲ့အရာပေါ့။ ပြီးတော့ ဒေးဒရဲပြတ်ရွေ့ဆိုရင်လည်း မအူပင်တို့၊ ကျိုက်လတ်တို့ အဲဒီလောက် နေရာတွေမှာ တောက်လျှောက် လှုပ်နေတာရှိတယ်။နောက်ပြီး တာချီလိတ် ဘက်မှာလည်း ရှိတယ်။အဲဒါက ရှမ်းပြည်နယ်ဘက်က သေးသေးလေးတွေက အခုလည်းလှုပ်နေတယ်။ သူကတော့ သေးသေးနဲ့များများလှုပ်တယ်။ ဇောက်ကလည်း အဲဒီလောက်ပါပဲ တိမ်တိမ်ပဲ။ သို့သော် အားမပြင်းဘူး။သို့သော် စစ်ကိုင်းပြတ်ရွေ့ကြီးကတော့ အားပြင်းတယ်။ စစ်ကိုင်းပြတ်ရွေ့ကြီးက ဖြစ်နေတဲ့ အနေအထားကြီးကတော့ ကြီးလည်းကြီးတယ်။ စစ်ကိုင်းပြတ်ရွေ့ကြီးက အပေါ်ဆုံးအပိုင်း ပေါ့။ အပေါ်ဆုံးအပိုင်းက ဘယ်လိုပြောရမလဲဆိုတော့ စစ်ကိုင်းတိုင်းရဲ့ အထက်ပိုင်းအပေါ်ဆုံးပြတ်ရွေ့ အပိုင်းကလည်း (၁၉၄၆)ခုနှစ်မှာ (၇ ဒသမ ၁)လှုပ်ခဲ့ဖူးတာရှိတယ်။ (၁၉၉၁)ခုနှစ်မှာ (၆ ဒသမ ၉) လှုပ်ဖူးတာ ရှိတယ်။ များသောအားဖြင့်ကတော့ (၆ ဒသမ ၉) ၊ (၇) အထက်တွေ လှုပ်တဲ့ဟာတွေ အကုန်လုံးကတော့ စစ်ကိုင်းပြတ်ရွေ့ အပေါ်မှာပဲလှုပ်တယ်။ကျန်တဲ့ ပြတ်ရွေ့တွေကတော့ အများ ကြီးပဲ။ရခိုင်ပြည်နယ်ဘက်မှာလည်းရှိတယ်။ ဧရာဝတီတိုင်းထဲမှာလည်း ရှိတယ်။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်ဘက်တွေမှာလည်းရှိတယ်။အဲဒါတွေကတော့သေးတယ်။လှုပ်တဲ့အနေအထားကလည်း သေးတယ်။
မေး - အခု စစ်ကိုင်းပြတ်ရွေ့က လှုပ်တဲ့ ငလျင်တွေထဲ အခု နောက်ဆုံးလှုပ်တဲ့ငလျင်က တခြားလှုပ်ပြီး ငလျင်တွေနဲ့ မတူဘဲ ထူးခြားတာတွေ့ရလားဆရာ။
ဖြေ - ကျွန်တော်တို့က အရင် (၁၈၃၀)၊ (၁၉၃၀) တုန်းက ကျွန်တော်တို့ မမီလိုက်ဘူးပေါ့။ မှတ်တမ်း ရေးထားတာတွေပဲရှိတာပေါ့။အခု (၂၀၂၅)မှာ လှုပ်တာကတော့ တကယ့်ကို နဖူးတွေ့၊ ဒူးတွေ့ကိုယ်တိုင် ကြုံကြရတယ်။ငလျင်ရဲ့ ကြီးမားတဲ့အနေအထားက နာဂစ်ကြီးကို စတွေ့လိုက်ရသလိုပဲပေါ့။နာဂစ်က သေးသေးလေးပါ ဘာမှမဖြစ်ပါဘူးဆိုပြီးပေါ့နေတဲ့ အနေအထားကနေ ဝုန်းဒိုင်းကြဲပြီး တီးသွားတော့ အဲဒီကျမှ ဒီသဘာဝဘေးကြီးက ကြီးမှန်းသိတာ။ အခုလည်း အဲဒီလိုပဲ စစ်ကိုင်းပြတ်ရွေ့ကြီးပေါ်မှာ လှုပ်မယ်၊ လှုပ်မယ်ဆိုတာက ပြောသာ ပြောနေကြတာ လူတွေက ကျွန်တော်တို့ နဖူးတွေ့၊ ဒူးတွေ့ မကြုံခဲ့ဖူးဘူး။ မကြုံဖူးတော့ ငလျင်ပညာရှင်တွေ၊ ကော်မတီဝင်တွေက ပြောတာပေါ့။ နှစ်တစ်ရာမှာ ပြန်ပြီးတော့လှုပ်မယ် ပြန်လှုပ်မယ်ပေါ့။ ကျွန်တော်တို့က (၆ ဒသမ ၈)တို့ ဘာတို့က လှုပ်ဖူးခဲ့တာ တွေရှိတယ်။ရှိခဲ့ဖူးတယ်ဆိုတော့ စိတ်ထဲမှာပေါ့ပေါ့ပဲပေါ့။ကျွန်တော်ပြောရမယ်ဆိုရင် ဆောက်လုပ်ရေး လုပ်တဲ့သူတွေကလည်း အထပ်မြင့်တွေ တဖြည်းဖြည်းနဲ့ ဆောက်ကြတယ်။ ဆောက်တဲ့တိုက်တာ အဆောက်အအုံတွေ၊ အထပ်မြင့်တွေကလည်း စိပ်လာတယ်။စိပ်လာတဲ့အခါကျတော့ အရင်တုန်းက အဲဒီလောက်မဆိုးပေမယ့် အခု နဖူးတွေ့၊ ဒူးတွေ ကြုံလာတော့ တိုက်တွေဘာတွေ ပြိုတာလည်း များသွားတယ်။ လူထိခိုက်သေဆုံးတာတွေလည်း များသွားတယ်။ ဒါကျွန်တော်တို့ မခန့်မှန်းထား နိုင်တဲ့ သဘာဝဘေးတစ်ခုက ဝုန်းဒိုင်းကြဲပြီး ရောက်လာတာကို ပြောရမယ်ဆိုရင် မကြုံဖူးဘူး ပေါ့ဗျာ။ မကြုံဖူးတော့ အဲဒီလိုခံရတယ်ပေါ့။
မေး - ငလျင်လှုပ်ပြီးတော့ မြေကြီးကနေရေတွေပန်းထွက်တာတို့ဖြစ်တယ်ဆိုတဲ့ Video တွေ တွေ့ရတယ် ဆရာ။ အဲဒါက စိုးရိမ်ရလား ခင်ဗျာ။
ဖြေ - စိုးရိမ်စရာရှိလားဆိုတော့ မြေအောက်ရေကိုစုထားပြီးဖြစ်လာတဲ့အနေအထားပေါ့။ ကြောက်ဖို့ ကောင်းတယ်။ရေဝလာတဲ့အခါကျတော့ ဒီဟာတွေကဒုက္ခပေးလာတာပေါ့။မြေက ပုံမှန်မြေသားထဲ မှာကိုပျော့လာတယ်။ပျော့လာပြီးတော့ မြန်မာလိုအခေါ်ဆိုရင်တော့ မြေအောင်းရေတိုးလာတယ်လို့ ခေါ်ပါတယ်။မြေပျော်တဲ့အနေအထားပေါ့။အတွင်းထဲမှာ မြေကပျော်သွားတဲ့အနေအထား။ပျော်သွားရင် မြေကပျော့သွားတယ်။ခုခံနိုင်တဲ့စွမ်းအား လျော့သွားတယ်။ကြောက်ရတာက အခုဒီမောဆိုးဘက်မှာ ဆိုရင်လည်း မြေတွင်းပေါက်အကြီးကြီး ပေါ်လာတယ်။များသောအားဖြင့် ထုံးကျောက်မြေများတဲ့ နေရာတွေမှာ ပေါ်တတ်တယ်။သို့သော် အထက်ပိုင်းကသဲမြေများတဲ့ နေရာတွေမှာလည်း အဲဒီလိုမျိုး ပေါ်နိုင်တဲ့ အနေအထားတွေရှိတယ်။မြေအောင်းရေတိုးတဲ့အနေအထားဖြစ်လာရင် သဲတွေပန်းထွက်တဲ့ အနေအထားရှိတယ်။အပေါ်ယံမြေလွှာကိုလည်း စဉ်းစားဖို့လိုတယ်။အပေါ်ယံမြေလွှာဘက်က ဖိထားတဲ့ ဖိအားတွေ။ဖိထားတယ်ဆိုတာက ဆောက်ထားတဲ့အဆောက်အအုံတွေပေါ့နော်။ အဲဒီဟာတွေ ကတော့ အင်ဂျင်နီယာတွေ အသေးစိတ်တွက်ရမယ့်အနေအထားပါခင်ဗျာ။
မေး - ဒီဖြစ်စဉ် အပါအဝင်ပေါ့။ ငလျင်ကြီးအပြီးမှာ ဘူမိဆိုင်ရာအန္တရာယ်က ဘယ်လိုဟာမျိုးလာနိုင် သေးလဲခင်ဗျာ။
ဖြေ - အရေးကြီးတာတော့ အောက်က မြေကြော၊ ရေကြောတွေ ပြောင်းသွားတယ်ပေါ့။ကျွန်တော်တို့ နိုင်ငံက ရှင်နေတဲ့မီးတောင်ရှိကိုမရှိတာပေါ့နော်။ မရှိတော့ မီးတောင်အနေနဲ့ ပူစရာတော့မရှိဘူး။ သို့သော် မြေကြောရေကြော ပြောင်းသွားတော့ မြေအောက်ရေကြော ပြောင်းသွားနိုင်တယ်။ မြေအောက်မှာရှိတဲ့ ကျောက်လွှာတွေပြတ်သွားတာမျိုး ဖြစ်နိုင်တယ်။အဓိကဖြစ်နိုင်တာတော့ မြေကျွံ တာပဲ။ မြေကျွံတာက ပေ (၁၀ဝ၊ ၂၀ဝဝ) လောက်ကို ကျွံချင်လည်း ကျွံမယ်။ အပေါ်တင် ပေ (၅၀၊ ၆၀)လောက် ကျွံချင်လည်းကျွံမယ်။ အဘွားတစ်ယောက်က ဝါးလုံးကြီးထည့်ပြီး တိုင်းပြနေတဲ့ Video လည်း တက်လာတာတွေ့တယ်။ အဲဒီလိုမျိုး ပက်ကြားအက်ကြီးတွေရဲ့ အောက်ဘက်မှာကောဘယ်လောက် အတိုင်းအတာအထိ မာသလဲပေါ့နော်။ အပေါ်ယံမြေကကော ဘယ်လောက် အခြေအနေ ရှိသလဲ။ဥပမာ-မြစ်ကမ်းနားနီးတဲ့ သဲသောင်ယံလို၊သဲနုမြေများတဲ့နေရာမျိုး အဲဒီလိုနေရာမျိုးဆိုရင်တော့ မြေကျွံသွားတဲ့ အနေအထားမျိုးတွေဖြစ်နိုင်တယ်။
မေး - အဲဒီလို သတိထားရမယ့်အပိုင်းက ငလျင်ဗဟိုချက်ရဲ့ ဘယ်လောက်ပမာဏအတွင်း သတိထား ရမလဲခင်ဗျာ။
ဖြေ - စစ်ကိုင်းပြတ်ရွေ့ကြီးရှိတဲ့ တစ်လျှောက်ကတော့ ဟိုးကချင်ပြည်နယ်ကနေ စတာပေါ့။ စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ်ကနေစပြီးတော့ ကာမိုင်းတို့ ဘာတို့ကစတာပေါ့။ အဲဒီကနေ ရန်ကုန်အရှေ့ ပဲခူး၊ ခရမ်း၊ သုံးခွကနေ စပြီးတော့ ပင်လယ်ထဲ ဆင်းတဲ့အထိ စစ်ကိုင်း ပြတ်ရွေ့ကရှိတာကိုး။ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်ကတော့ အထူးသတိထားဖို့လိုတယ်။ခက်တာက မြို့ကြီးတော်တော်များများက စစ်ကိုင်းပြတ်ရွေ့မှာဖြစ်နေတယ်။အဲဒီဟာကတော့ အရင်တုန်းကလည်း ပြောဖူးပါတယ်။ မြို့ကြီးတွေအကုန်လုံးကတော့ သတိထားရမယ့် အနေအထား ဖြစ်တာပေါ့နော်။ မေး - ဘူမိဗေဒက စီးပွားရေးအပေါ် သက်ရောက်မှုပေါ့နော်။ မြန်မာ့စီးပွားရေး တိုးတက်မှုအပေါ် ငလျင်ကလည်း ခြိမ်းခြောက်မှုရှိနေတယ်လို့ ပြောလို့ရမလား။
ဖြေ - သူက မေ့နေပြီးတော့မှ တစ်ခေါက်တစ်ခေါက် ထလာတဲ့သရဲကြီးလိုပဲ စစ်ကိုင်းပြတ်ရွေ့ ဆိုတာကြီးက၊ကျွန်တော်တို့က စီးပွားရေးတွေကောင်းပြီး သယံဇာတတွေ ထွက်တယ်။ ပြည်တွင်း၊ ပြည်ပ ကုန်သွယ်မှုဆိုင်ရာတွေ တိုးတက်လာတယ်ဆိုပြီးဖြစ်နေတဲ့ အချိန်မှာ ဒါကြီးကဝုန်းဆို ရိုက်ချ လိုက်တဲ့ပုံစံမျိုးဖြစ်တာ။လက်ရှိနိုင်ငံရေး အခြေအနေကတော့ နိုင်ငံရေးမတည်ငြိမ်တဲ့အခြေအနေ ဖြစ်နေတဲ့အခါကျတော့ အခက်အခဲတွေအများကြီးဖြစ်တာပေါ့။ပိုပြီးဖြစ်တာပေါ့။တကယ်လို့တိုင်းပြည်က ငြိမ်နေပြီး စီးပွားရေးကောင်းနေတုန်းဖြစ်ရင်လည်း တစ်ခါတည်း ဂုတ်ချိုးချလိုက်သလို ဖြစ်တတ် တာပေါ့။ထိုင်းနိုင်ငံတို့ ဘာတို့ကျတော့ အခုလိုစစ်ကိုင်း ပြတ်ရွေ့မရှိပြန်ဘူး။ ဂျပန်ဆိုရင်လည်း မီးတောင်ဆိုတဲ့အကြောင်းအရင်းကြောင့် ငလျင်လှုပ်တာများတယ်။အခုလို စစ်ကိုင်းပြတ်ရွေ့ဆိုတဲ့ ဟာမျိုးကြီး မြေကြီးထဲ ငုပ်နေပြီးတော့ တစ်ချိန်တစ်ချိန်ကျမှ ထိုးထွက်လာတတ်တဲ့ ကြောက်စရာ ကောင်းတဲ့ဟာမျိုးကြီးမရှိဘူး။ မြန်မာပြည်ကတော့ အဲဒါကြီးရှိနေတဲ့အတွက် နောက်စီးပွားရေး အတွက် အဆောက်အအုံတွေဆောက်တာ၊ မြို့တွေတည်တာ လုပ်ကြပြီ ဆိုရင် စစ်ကိုင်းပြတ်ရွေ့နဲ့ ဝေးရာမှာတည်တာ အကောင်းဆုံးပဲ။
မေး - ဒီငလျင်ကြောင့် လူတွေရဲ့ငလျင်နဲ့ ပတ်သက်လို့ သတိပိုထားသွားမယ်ထင်လားဆရာ။
ဖြေ - ကျွန်တော်တို့လူမျိုးက ခေါင်းမာတယ်ဗျ။ စီးပွားရေးအချက်အချာကျတဲ့နေရာက တော်ရုံတန်ရုံ မခွာချင်ဘူး။ ထိခါမှသာထိရော။ အခုပဲကြည့် မန္တလေးဆိုရင် Sky Villa လို ဟာမျိုး ကွန်ဒိုကြီးတွေ ဆောက်တယ်။ နောက်အထပ်မြင့်အဆောက်အအုံတွေ ဆောက်တယ်။ လုပ်မှာပဲ လုပ်နေကြမှာပဲ။ အဲဒီနေရာက စီးပွားရေး အချက်အချာကျတာကိုး။ နောက် နှစ်ငါးဆယ်၊ နှစ်တစ်ရာ အဲဒီလောက်မှာ ဖြစ်ကာမှဖြစ်ရော ဒီနေရာတွေမှာ စီးပွားရေးလုပ်မယ့် အပိုင်းတွေ၊ တည်ဆောက်ရေးလုပ်မယ့်အပိုင်းတွေ ကတော့ လုပ်နေမယ်လို့ပဲမြင်တယ်။
မေး - နောက်ဆုံး မေးခွန်းပါ ဆရာ။ ငလျင်ဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ မြို့တွေက ဘာတွေကို သတိထားဖို့လိုပါမလဲ ဆရာ။ အစိုးရဘက်ကကော ဘာတွေလုပ်ဖို့လိုမယ် ထင်ပါသလဲ ဆရာ။
ဖြေ - မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ မိတ္ထီလာ စသည်ဖြင့် ပေါ့နော်။ဒီမြို့ကြီးတွေမှာ အရင်ဆုံး နံပါတ်တစ်ဖြစ်သွားတာက စိုးရိမ်ကြောင့်ကြစိတ်ကြီးသွားတယ်။ စိတ်ပိုင်းဆိုင်ရာ မြင့်တက်လာအောင် ကျန်းမာရေးအခြေအနေ ပြန်လုပ်ပေးဖို့လိုတယ်။စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးဖို့လိုတယ်။ပြန်လည်ထူထောင်ရေး အပိုင်းမှာတော့ အစိုးရကနေပြီးတော့ နိုင်သလောက် လုပ်ပေးရမှာပေါ့။နိုင်ငံတကာ အကူအညီခေါ်ရင်လည်း ခေါ်မယ်ပေါ့။အဲဒီလို ပြန်လည်ထူထောင်ရေးနဲ့ စိတ်ကျန်းမာရေး နှစ်ပိုင်းပဲရှိပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။
(သုတကျော် NP News မေးမြန်းသည်)