မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ (၃၇၀၀) ကျော်ရှိလာပြီး ပျောက်ဆုံးသူ (၁၂၀) ဦးရှိ
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ဧပြီလ ၂၀ ရက်နေ့အထိ သေဆုံးသူ (၃၇၀၀) ကျော်ရှိလာပြီး ပျောက်ဆုံးသူ (၁၂၀) လျော့ကျလာပြီ ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
“သေဆုံးသူစုစုပေါင်း (၃၇၃၅) ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း (၅၁၀၈) ဦး စီရှိပြီး ပျောက်ဆုံးသူ (၁၂၀) ဦးရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း မိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း၊နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ပြောခဲ့သလို သေဆုံး၊ဒဏ်ရာရရှိသူများကို ထောက်ပံ့ကြေးများ ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် နေအိမ်ဆုံးရှုံးခဲ့သူများအတွက် နေအိမ် အမျိုးအစားအလိုက်လည်း ထောက်ပံ့ကြေးများပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
အဆိုပါငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် ၁၅၂ ကြိမ် လှုပ်ခတ်ခဲ့ပြီး ငလျင်ကြီးကြောင့် နေအိမ်၊ အဆောက်အအုံပေါင်း (၆၅,၀၉၆) လုံး၊ စာသင် ကျောင်းပေါင်း (၂၅၁၄) ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းပေါင်း (၄၃၁၇) ကျောင်း၊ ဘုရားစေတီ (၆၀၂၇) ဆူ၊ ဆေးရုံ/ဆေးခန်း (၃၅၀) ၊ ရထားလမ်း (၃၈) ခု၊ လမ်းပေါင်း (၂၆၉) ခု၊ အမြန်(လမ်းပိုင်း) (၂၀၃) ခု၊ ဆည်/တမံ (၅၈၆) ခုနှင့် တံတား အစင်း (၁၇၀) တို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက်အလက်များအရ သိရသည်။
“နိုင်ငံတကာကူညီထောက်ပံ့မှုများအနေဖြင့် နိုင်ငံပေါင်း ၂၅ နိုင်ငံက လေယာဉ် (၁၄၅) ခေါက် ရောက်ရှိခဲ့ပါကြောင်း၊ ကား (၂၃) စီး ရောက်ရှိခဲ့ပါကြောင်း၊ ကားက တရုတ်နိုင်ငံက ဖြစ်ပါကြောင်း၊ ရောက်ရှိသည့် သင်္ဘော (၆) စီးတွင် အိန္ဒိယနိုင်ငံက (၅) စီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တစ်စီး ရောက်ရှိခဲ့ပါကြောင်း” ၎င်းကဆိုသည်။
ထို့ပြင် ကယ်ဆယ်ရေးဝန်ထမ်းများ (၂၀၉၄) ဦး ရောက်ရှိခဲ့သည့်အပြင် ထောက်ပံ့ပစ္စည်း တန်ချိန် (၂၅၁၄ ဒသမ ၆) တန်နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် (၁၁၉၇ ဒသမ ၁၂) တန်တို့လည်း ရောက်ရှိခဲ့ကြောင်း သိရသည်။
ကိုးကား-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ