WBC နှင့် OPBF ချန်ပီယံခါးပတ်တွင် မြန်မာအလံပါရှိလာ
ရန်ကုန် ဧပြီ ၂၃
မြန်မာလက်ဝှေ့ကော်မရှင် (MBC) ၏ဆောင်ရွက်မှုဖြင့် WBC (ကမ္ဘာ့ဘောက်ဆင်ကောင်စီ)နှင့် OPBF (အာရှပစိဖိတ်ဘောက်ဆင်အဖွဲ့ချုပ်) တို့မှပေးအပ်မည့် ချန်ပီယံခါးပတ်များတွင် မြန်မာနိုင်ငံတော်အလံပါဝင်လာပြီဖြစ်သည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာဘောက်ဆင်ကော်မရှင်ကို ၂၀၂၄ ခုနှစ်တွင် ဖွဲ့စည်းပြီး ပြည်တွင်းတွင် ပရော်ဖက်ရှင်နယ်ဘောက်ဆင်ပြိုင်ပွဲများ ကျင်းပခဲ့သလို ဂျပန်နိုင်ငံတွင် ကျင်းပသည့် ဂျပန်ဘောက်ဆင်ကော်မရှင်၏ WBC ပြိုင်ပွဲ၊ ထိုင်းနိုင်ငံတွင် ကျင်းပသည့် OPBF ပြိုင်ပွဲများတွင်လည်း မြန်မာပရော်ဖက်ရှင်နယ်ဘောက်ဆင်သမားများ သွားရောက်ယှဉ်ပြိုင်နေပြီဖြစ်သည်။
မြန်မာဘောက်ဆင်ကော်မရှင် (MBC) ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် အဖွဲ့ဝင် ၁၆၁ နိုင်ငံရှိသော WBC နှင့် WBC လက်အောက်ခံ OPBF တို့က အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် လက်ခံလိုက်သည့်အတွက် အဆိုပါ အဖွဲ့အစည်းများမှ ပေးအပ်မည့် ချန်ပီယံခါးပတ်များတွင် မြန်မာနိုင်ငံတော်အလံကို ထည့်သွင်းပေးခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် ဆုကြေးစား ပရော်ဖက်ရှင်နယ် ဘောက်ဆင်အဖွဲ့အစည်းကြီးလေးခုဖြစ်သော WBA၊ WBO၊ WBA နှင့် IBF အဖွဲ့ကြီးလေးခုရှိပြီး အဆိုပါအဖွဲ့ကြီးလေးခုသည် ချိတ်ဆက်ထားသည့်အတွက် WBC အဖွဲ့ဝင်ဖြစ်လာသော မြန်မာဘောက်ဆင်ကော်မရှင် (MBC) ကို အဖွဲ့ဝင်အဖြစ် အဆိုပါ အဖွဲ့ကြီးလေးခုစလုံးက အသိအမှတ်ပြု လက်ခံလိုက်ခြင်းဖြစ်သည်။ ကျန်အခြားအဖွဲ့များ၏ ခါးပတ်များတွင်လည်း မြန်မာနိုင်ငံတော်အလံကို ထည့်သွင်းဖော်ပြမည်ဟု သိရသည်။
Source: မြန်မာ့အလင်းသတင်းစာ