ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော အဖြေလွှာများနှင့်ပတ်သက်၍ စာမေးပွဲပြန်စစ်မည့်ရက်ကို ကြေညာ

News Image

  • ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော အဖြေလွှာများနှင့်ပတ်သက်၍ စာမေးပွဲပြန်စစ်မည့်ရက်ကို ကြေညာ

မတ်လ ၂၈ ရက်က အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတက္ကသိုလ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့်နေပြည်တော်တို့မှ စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် ဇွန်လ ၁၆ ရက်မှ ၂၁ ရက်နေ့၊ နံနက် (၉) နာရီမှ (၁၂) နာရီအထိ ပြန်လည် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့် မတ်လအတွင်းက စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာရပ်အားလုံးဖြေဆိုခဲ့သူများကိုသာ ပြန်လည် ဖြေဆို ခွင့်ပြုမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အထက(မင်းကင်း)၊ အထက (ပန်ဆက်)၊ အထက (၁) တမူး၊ အထက (၂) ရွှေဘို၊ အထက (၁) ရေဦး၊ အထက(ဗန်းမောက်)၊ အထက(ဝန်းသို)၊ အထက(မော်လိုက်)၊ အထက (ကင်းတပ်)နှင့် အထက(အရာတော်) စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများ သည် ပြန်လည်ဖြေဆိုရန် မလိုကြောင်း ထုတ်ပြန်ထားသည်။

ယခုနှစ်၊ မတ်လက ကျင်းပခဲ့သော စစ်ဆေးစာစစ်ဌာနများအနက် စစ်ကိုင်းတိုင်းဒေသကြီးရှိ စာစစ်ဌာန နှစ်ခု၊ မန္တလေးတိုင်းဒေသကြီးရှိ စာစစ်ဌာန (၁၉) ခုနှင့် နေပြည်တော်ရှိ စာစစ်ဌာန (၁၀) ခု များသည် ဖော်ပြထားသော စာစစ်ဌာနများတွင် ပြောင်းလဲဖြေဆိုရမည်ဖြစ်ပြီး မဖော်ပြသည့် ကျန်စာစစ်ဌာနများမှာ မူလစာစစ်ဌာနများတွင် ဖြေဆို ရမည်ဖြစ်ကြောင်း သိရသည်။

ယခုပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့် ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများထံမှ ဇွန် ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုက်ရိုက်ထုတ်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

(၂၀၂၄-၂၀၂၅) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်း စာစစ်ဌာနပေါင်း (၈၁၇) ခုဖွင့်လှစ်ကာ မတ်လ (၁၇) ရက်မှ (၂၂) ရက် အထိစစ်ဆေးခဲ့ရာတွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသူ ကျောင်းသူ၊ ကျောင်းသား (၂) သိန်းကျော် လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ သို့သော် PDF များ အပါအဝင် လက်နက်ကိုင်များကြောင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် အခက်အခဲကြုံခဲ့ရသည့် ဒေသများလည်းရှိခဲ့ပြီး လုံးဝ မဖြေလိုက်ရသူများလည်းရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိနေသည့် (၂၀၂၄-၂၀၂၅) တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေးတိုင်း ဒေသကြီးမှ ဖြေဆိုသူဦးရေ (၄၆,၉၄၄) ဦး၏ အဖြေလွှာအုပ်ရေ (၂၈၀,၉၄၀) အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၇၃၁၁) ဦး ၏ အဖြေလွှာအုပ်ရေ (၄၃,၈၂၇) အုပ်၊ ကချင်ပြည်နယ်မှဖြေဆိုသူဦးရေ (၈၆၉၉) ဦး ၏ အဖြေလွှာအုပ်ရေ (၅၂,၁၈၉) အုပ်တို့သည် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။