တရုတ်နိုင်ငံက ရှန်ကျိုး-၂၀ လူတင်အာကာသယာဉ်ကို ဧပြီ ၂၄ ရက်တွင် လွှတ်တင်မည်

News Image

  • တရုတ်နိုင်ငံက ရှန်ကျိုး-၂၀ လူတင်အာကာသယာဉ်ကို ဧပြီ ၂၄ ရက်တွင် လွှတ်တင်မည်

ရှန်ကျိုး-၂၀ လူတင်အာကာသယာဉ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဧပြီ ၂၄ ရက် ပေကျင်း စံတော်ချိန် ညနေ ၅:၁၇ နာရီ၌ လွှတ်တင်ရန်စီစဉ်ထားကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီ (CMSA) က ဧပြီ ၂၃ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ အာကာသယာဉ်သည် ရှန်ကျိုး-၂၀ အာကာသ ယာဉ်ပျံသန်းရေးမစ်ရှင် ထမ်းဆောင်မည့် အာကာသယာဉ်မှူးများဖြစ်သော ချန်တုန်း (Chen Dong) ၊ ချန်ကျုံးရွှေ့ (Chen Zhongrui) နှင့် ဝမ်ကျယ် (Wang Jie) တို့ကို ခေါ်ဆောင်သွားမည်ဖြစ်ကာ ချန်တုန်းက ခေါင်းဆောင် အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း CMSA ပြောခွင့်ရပုဂ္ဂိုလ် လျင်ရှီးချန်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ထိုအာကာသယာဉ် လွှတ်တင်မည့်နေ့မှာ တရုတ်နိုင်ငံ၏ ၁၀ နှစ်မြောက် အာကာသနေ့နှင့် တစ်ထပ်တည်း ကျလျက်ရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ တရုတ်နိုင်ငံသည် ၁၉၇၀ ပြည့်နှစ် ဧပြီ ၂၄ ရက်က ၎င်းတို့၏ ပထမဆုံး ဂြိုဟ်တု Dongfanghong-1 ကို အောင်မြင်စွာလွှတ်တင်ခဲ့ခြင်း အထိမ်းအမှတ်အနေဖြင့် ဧပြီ ၂၄ ရက် ကို အာကာသနေ့အဖြစ် ၂၀၁၆ ခုနှစ်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ဧပြီ ၂၄ ရက်၌ လွှတ်တင်မည့်အစီအစဉ်တွင် Long March-2F သယ်ဆောင်ရေး ဒုံးပျံကို အသုံးပြုမည်ဖြစ်ကာ မကြာမီ တွန်းကန်ပစ္စည်းကို ဖြည့်တင်းမည် ဖြစ်ကြောင်း၊ မစ်ရှင်လွှတ်တင်မှုပြင်ဆင်ရေးလုပ်ငန်းအားလုံးမှာလည်းအဆင်ပြေချောမွေ့စွာ တိုးတက်လျက်ရှိကြောင်း လျင်က ဖြည့်စွက် ပြောကြားခဲ့သည်။ ရှန်ကျိုး-၂၀ သည် တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသအစီအစဉ်၏ ၃၅ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကာ တရုတ်နိုင်ငံ၏ အာကာသစခန်း အသုံးပြုမှုနှင့် တိုးတက်မှုအဆင့်အတွင်း ပဉ္မမအကြိမ် လူလိုက်ပါသောမစ်ရှင်လည်းဖြစ်သည်။ အဆိုပါ အာကာသယာဉ်မှူးများသည် ယခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် တရုတ်နိုင်ငံ မြောက်ပိုင်းရှိ တုန်းဖုန်းမြေပြင်ဆင်းသက်နေရာသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂