ဉာဏ်ရည်တုနည်းပညာဖြင့် အခြားနိုင်ငံများထက် အသာစီးရစေရန် ကြိုးပမ်းလာသည့် ရုရှား

News Image

  • ဉာဏ်ရည်တုနည်းပညာဖြင့် အခြားနိုင်ငံများထက် အသာစီးရစေရန် ကြိုးပမ်းလာသည့် ရုရှား

ရုရှားနိုင်ငံသည် လက်ရှိကာလနှင့် လာမည့်အနာဂတ်ကာလတို့တွင် ကာကွယ်ရေးနှင့် သက်ဆိုင်သည့် အရေးကိစ္စရပ်များတွင်   ဉာဏ်ရည်တုနည်းပညာကို အသုံးချခြင်းဖြင့် အသာစီးရယူနိုင်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က တိုက်တွန်းလိုက်သည်ကို တွေ့ရသည်။

ဉာဏ်ရည်တုနည်းပညာကို ကာကွယ်ရေးကဏ္ဍနှင့် အသုံးပြုနိုင်ခြင်းသည် အလွန်အရေးပါသည့် ဆောင်ရွက်မှုဖြစ်ပြီး မည်သည့်နိုင်ငံ၊   မည်သည့်အဖွဲ့အစည်းကဖြစ်စေ အဆိုပါနည်းပညာကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရေး၊ အထူးသဖြင့် ကာကွယ်ရေးကဏ္ဍ၌ အသုံးပြုနိုင်ရန်အတွက် အလျင်အမြန်ကြိုးပမ်းလုပ်ဆောင်နိုင်ခြင်းသည် စစ်မြေပြင်၌ ပြိုင်ဘက်ရန်သူများအပေါ် အသာစီးရရှိနိုင်မည်ဖြစ်ကြောင်း သမ္မတပူတင်က ယခုရက်သတ္တပတ်အတွင်းက ကျင်းပခဲ့သည့် ကာကွယ်ရေးကော်မရှင်အစည်းအဝေးပွဲတစ်ခု၌ တိုက်တွန်းပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် အထူးစစ်ဆင်ရေးဆင်နွှဲနေသည့် နယ်မြေအတွင်းရှိ တပ်ဖွဲ့ဝင်များအတွက် လက်နက်ခဲယမ်းထောက်ပံ့ပေးနိုင်ရေးအတွက် ဦးစားပေးလုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံအနေဖြင့်   ကမ္ဘာပတ်လမ်းအတွင်း၌ ထောက်လှမ်းရေးစနစ်တစ်ခု ဖွဲ့စည်းတည်ထောင်ရေးကိုလည်း အချိန်မီအပြီးသတ်လုပ်ဆောင်ရန်  အဆိုပါအစည်းအဝေး၌ ညွှန်ကြားခဲ့သည်။ အဆိုပါထောက်လှမ်းရေးစနစ်သည် ရန်သူတပ်များ၏ လုပ်ဆောင်မှု အားလုံးကို ထောက်လှမ်းနိုင်မည်ဖြစ်သည်။

ကမ္ဘာပတ်လမ်းအတွင်း၌ ထောက်လှမ်းရေးစနစ်တစ်ခု ဖွဲ့စည်းတည်ထောင်ရေးကို အပြီးသတ် လုပ်ဆောင်နိုင်ပြီဆိုပါက ဘက်စုံအသုံးပြုနိုင်သည့် အာကာသယာဉ်များပါဝင်သည့် ထောက်လှမ်းရေး စနစ်ကို အသုံးပြု၍ ရုရှားတပ်ဖွဲ့ဝင်များ သွားလာရာတွင် အခက်အခဲနှင့် တွေ့ကြုံနိုင်သည့် နေရာဒေသများတွင် စုံစမ်းထောက်လှမ်းမှုများကို လုပ်ဆောင်နိုင်ရန် ရုရှားနိုင်ငံက ရည်မှန်းထားခြင်းဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရပါမူ ရုရှားနိုင်ငံသည် ဉာဏ်ရည်တုနည်းပညာကို အသုံးပြု၍  ပြိုင်ဘက်နိုင်ငံများနှင့် ရန်လိုသည့်နိုင်ငံများအပေါ် အသာစီးရရှိနိုင်ရေးအတွက် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည် ဟုဆိုနိုင်သည်။

အဘယ့်ကြောင့်ဆိုသော် ဉာဏ်ရည်တုနည်းပညာကို  ကာကွယ်ရေးကဏ္ဍ၌ ထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် အဆိုပါနည်းပညာတွင် အခြားနိုင်ငံများထက် သာလွန်နိုင်စေရန်အတွက် အင်အားကြီးနိုင်ငံများက သူ့ထက်ငါအပြိုင်ယှဉ်ပြိုင်ကြိုးပမ်းနေခြင်းကြောင့်ဖြစ်သည်။

ထို့ပြင် လက်ရှိ ရုရှားနိုင်ငံက ဆင်နွှဲနေသည့် အထူးစစ်ဆင်ရေးမှ ရရှိသည့်အတွေ့အကြုံများကို ကမ္ဘာ့နိုင်ငံအများအပြားမှ တပ်မတော်များက နည်းဗျူဟာနှင့် စစ်လက်နက်ပစ္စည်းဆိုင်ရာ နည်းပညာရှုထောင့်မှစောင့်ကြည့်နေခြင်းကြောင့် ရုရှားအနေဖြင့် နည်းပညာပိုင်းတွင် အသာစီး ရရှိနိုင်ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်သည်။

ရုရှားနိုင်ငံသည် ယူကရိန်းတွင် လက်ရှိဆင်နွှဲနေသည့် အထူးစစ်ဆင်ရေးအတွက် လိုအပ်သည့် နည်းပညာမြင့် ဒရုန်းများကို ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာပင် အစင်းပေါင်း ၁ ဒသမ ၅ သန်းထုတ်လုပ်ပေးပို့ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ရုရှားတပ်ဖွဲ့ဝင်များသည် သံချပ်ကာယာဉ် အစင်းပေါင်း ၄၀၀၀  ကျော်၊ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်အစင်းပေါင်း ၁၈၀ ကိုလည်း ပေးပို့ထားပြီးဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် လိုအပ်ချက်များရှိနေသေးခြင်းကြောင့် ရုရှားအစိုးရအနေဖြင့် သက်ဆိုင်ရာ လေ့လာမှုများကို လုပ်ဆောင်လျက်ရှိပြီး တပ်ဖွဲ့ဝင်များ၏နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ရုရှားနိုင်ငံအနေဖြင့် အဆင့်မြင့်နည်းပညာသုံး ဒရုန်းများအပါအဝင် လက်နက်ဆန်းများကို ထုတ်လုပ်ရန်အတွက်လည်း    ပူတင်က ညွှန်ကြားထားပြီးဖြစ်သည်။

လက်ရှိတွင် ရုရှားနိုင်ငံ၏ အီလက်ထရွန်နစ်စစ်ဆင်ရေးသုံး လက်နက်များနှင့် ဆက်သွယ်ရေး စနစ်များအား ထုတ်လုပ်နိုင်မှုသည် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်က ထုတ်လုပ်သည့် ပမာဏနှင့် နှိုင်းယှဉ်ပါက နှစ်ဆ မြင့်တက်လာခဲ့ သည်ကိုတွေ့ရသည်။

ရုရှားနိုင်ငံသည်   ကာကွယ်ရေးနည်းပညာတိုးတက်မှုကို ဦးစားပေးလုပ်ဆောင်ခဲ့ခြင်းကြောင့် ယခုအခါ အနောက်နိုင်ငံများမှ ထုတ်လုပ်ထားသည့် ဒရုန်းများကို ယှဉ်ပြိုင်ချေမှုန်းနိုင်သည့် Supercam S350 ဒရုန်းကို ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါဒရုန်းကို     ထုတ်လုပ်ရာတွင် အဆင့်မြင့်နည်းပညာများကို အသုံးပြုထားပြီး ရုပ်ထွက်ကြည်လင်မှုရှိသည့် ဗီဒီယိုနှင့် ကင်မရာများကို တပ်ဆင်ထားခြင်းကြောင့် အကွာအဝေး ၁၂၀၀ မီတာရှိ ရန်သူ၏ ပစ်မှတ်များကို ရန်သူတပ်ဖွဲ့ဝင်များက သတိထားခြင်းမရှိဘဲ ပစ်ခတ်ချေမှုန်းနိုင်စွမ်းရှိသည်။

Supercam S350 ဒရုန်းသည် အစ္စရေးနှင့် အမေရိကန်တို့က ထုတ်လုပ်ထားသည့် ဒရုန်းများနှင့်မတူသည့်အချက်မှာ ထုတ်လုပ်ရာတွင် ကုန်ကျစရိတ်နည်းပါးခြင်းဖြစ်သည်။

ထို့ကြောင့် လာမည့် အနာဂတ်ကာလတွင် အခြားနိုင်ငံများမှ တပ်မတော်များအနေဖြင့် အဆိုပါဒရုန်းကို  ပိုမိုအသုံးပြုလာမည့် အလားအလာရှိသည်။ အဆိုပါဒရုန်းကို လျှပ်စစ်မော်တာဖြင့် ထိန်းချုပ်မောင်းနှင်ခြင်းဖြစ်သောကြောင့် တိတ်တဆိတ်လုပ်ဆောင်ရသည့် လျှို့ဝှက်စစ်ဆင်ရေးများအတွက် အထူးပင်သင့်လျော်မှု ရှိသည်။ ၎င်းဒရုန်း၏ ကိုယ်ပျောက်စွမ်းရည် (ရေဒါရှောင်ရှားနိုင်မှု) သည် ရန်သူ၏ တည်နေရာနှင့်ထောက်လှမ်းရေးသတင်းများကို ရယူစုဆောင်းရာတွင်လည်း များစွာသင့်တော်မှုရှိသည်ဟုဆိုသည်။

ရုရှားနိုင်ငံသည် ၎င်းတို့၏အဆင့်မြင့်နည်းပညာသုံး Supercam S350 ဒရုန်းကို အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) တွင် ပြီးခဲ့သည့်နှစ်အတွင်းက ကျင်းပခဲ့သည့် လေကြောင်းပြပွဲ၌ လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့သည်။

ထို့ကြောင့် ရုရှားနိုင်ငံ၏ နည်းပညာတိုးတက်မှုနှင့်အတူ စစ်မြေပြင်တွင်လက်ရှိ လိုအပ်နေသည့် လိုအပ်ချက်များကို ထိရောက်စွာဖြည့်ဆည်းနိုင်ရေးအတွက် ဉာဏ်ရည်တုနည်းပညာ တိုးတက်ရေးအတွက်  ဆက်လက်၍ ဦးစားပေးလုပ်ဆောင်နေခြင်းကြောင့် ကာကွယ်ရေးကဏ္ဍတွင် ရုရှားနိုင်ငံသည်ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်။                          

 Ref;Sputnik

Source: https://myawady.net.mm/