တရုတ်နိုင်ငံက နျူကလီးယားစွမ်းအင်အသုံးပြုမှုတွင် ကမ္ဘာ့ထိပ်တန်းအဆင့်သို့ရောက်ရှိလာ
တရုတ်နိုင်ငံသည် နျူကလီးယားစွမ်းအင်အသုံးပြုမှုတွင် ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း တရုတ်အစိုးရ၏ နျူကလီးယားစွမ်းအင်အာဏာပိုင်အဖွဲ့ (CNEA) က ဧပြီလ ၂၇ ရက်တွင်ထုတ်ပြန်သည်။
“လက်ရှိအချိန်မှာ တရုတ်နိုင်ငံကပိုင်ဆိုင်ထားပြီး လုပ်ငန်းလည်ပတ်နေဆဲ၊ တည်ဆောက်နေဆဲနှင့် တည်ဆောက်ရန် ခွင့်ပြုထားတဲ့ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံပေါင်း ၁၀၂ လုံးရှိပြီး လည်ပတ်စက်စွမ်းအားက ကီလိုဝပ် ၁၁၃ သန်းရှိပါတယ်။ ဒါကြောင့် နျူကလီးယား စွမ်းအင် အသုံးပြုနိုင်မှုပမာဏမှာဆိုရင် တရုတ်နိုင်ငံက ကမ္ဘာ့ထိပ်တန်းအဆင့်ကို ပထမဆုံးအကြိမ်ရောက်ရှိလာပြီလို့ပြော လို့ရပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် လက်ရှိတည် ဆောက်လျက်ရှိသော နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအလုံးပေါင်း ၂၈ လုံးအထိရှိပြီး ထိုစက်ရုံများမှထွက်ရှိလာမည့်လျှပ်စစ်ဓာတ်အားပမာဏသည် ကီလိုဝပ် ၃၃ ဒသမ ၆၅ သန်းအထိရှိမည်ဖြစ်သည်။
ထို့ပြင် လက်ရှိလည်ပတ်အသုံးပြုနေ သော နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံပေါင်း ၅၈ လုံးရှိပြီး စုစုပေါင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၆၀ ဒသမ ၉၆ သန်းကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။ ပြီးခဲ့သည့်နှစ်တွင် နိုင်ငံ၏စွမ်းအင်သုံးစွဲမှုပမာဏစုစုပေါင်းအနက် ၄ ဒသမ ၇၂ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ ရရှိခြင်းဖြစ် ကြောင်းသိရသည်။
Ref: Sputnik
Source: https://myawady.net.mm/