ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲကို မေ ၇ ရက်တွင် စတင်မည်ဖြစ်ပြီး ထိုပွဲအတွက် ကမ္ဘာတစ်ဝန်းမှ ကာဒီနယ်ဘုန်းတော်ကြီး ၁၃၅ ဦး တွေ့ကြမည်

News Image

  • ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲကို မေ ၇ ရက်တွင် စတင်မည်ဖြစ်ပြီး ထိုပွဲအတွက် ကမ္ဘာတစ်ဝန်းမှ ကာဒီနယ်ဘုန်းတော်ကြီး ၁၃၅ ဦး တွေ့ကြမည်

Conclave ဟုခေါ်သည့် ပုပ်ရဟန်းမင်းကြီးသစ်ရွေးချယ်ပွဲကို မေလ ၇ ရက် တွင် စတင်တော့မည်ဟု ဗာတီကန်နန်းတော်က ထုတ်ပြန်ကြေညာထားသည်။

ဝတ်ပြုရာ Sistine Chapel အတွင်း တံခါးပိတ်ပြုလုပ်မည့် အစည်းအဝေးဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ကာဒီနယ်ဘုန်းတော်ကြီး ၁၃၅ ဦး ပါဝင်ကြမည်ဖြစ်သည်။ တနင်္လာနေ့ (ဧပြီ ၂၁ ရက်) တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ပြီးနောက် ၎င်း၏ ဈာပနကို ဧပြီ ၂၆ ရက်တွင် ကျင်းပခဲ့ပြီးဖြစ်ကာ ပုပ်ရဟန်းမင်းကြီးရွေးချယ်ပွဲစမည့်နေ့ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

Conclave က မည်မျှကြာမည်ဆိုသည့် အချိန်သတ်မှတ်ချက်မရှိပေ။ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် ယခင်ပုပ်ရဟန်းမင်းကြီး ရွေးချယ်ပွဲက နှစ်ရက်သာ ကြာခဲ့သည်။ အလွန်လျှို့ဝှက်သည့် ရွေးချယ်ပွဲဖြစ်ပြီး ဘုရားရှိခိုးကျောင်းမီးခိုးခေါင်းတိုင်မှ အဖြူရောင် မီးခိုးထွက်လာပါက ပုပ်ရဟန်းမင်းကြီးသစ်ပေါ်ထွက်ပြီဟု အဓိပ္ပာယ်ရပြီး အမဲရောင် မီးခိုးထွက်နေပါက ပုပ်ရဟန်းမင်းကြီးသစ် မပေါ်သေးဆိုသည့် အဓိပ္ပာယ်ကို ဆောင်သည်။

ဗာတီကန်နန်းတော်ပြောခွင့်ရှိသူအဆိုအရ ကာဒီနယ်များက စိန့်ပီတာစ် ဘုရားရှိခိုးကျောင်းတွင် စုစည်းပြီးသည့်အခါ မဲပေးရန်အခွင့်ရှိသူများက Sistine Chapelတွင် စုဝေးကြရမည်။

ယင်းသို့စုဝေးပြီးသည်နှင့် ကာဒီနယ်များသည် ပုပ်ရဟန်းမင်းကြီးသစ် မထွက်ပေါ်မချင်း ပြင်ပလောကနှင့် အဆက်အသွယ်လုပ်ခွင့်မရှိပေ။ ပုပ်ရဟန်းမင်းကြီးသစ်ဖြစ်လာမည့်သူက မဲအရေအတွက်၏ သုံးပုံနှစ်ပုံကို ရရန်လိုသည်။

ကာဒီနယ်တစ်ဦးစီက လက်တင်ဘာသာဖြင့်ရေးထားသည့် ကတ်ပြားပေါ်တွင် ၎င်းတို့ရွေးထားသည့်နာမည်ကို ဖြည့်ထည့်ရမည်။ အကယ်၍ ရွေးချယ်ပွဲသုံးရက်ကြာပြီးသည့်အထိ အဖြေမရသေးပါက တစ်ရက်ရပ် နားခွင့်ရှိသည်။ Sistine Chapel အပြင်ဘက်တွင်မူ မီးခိုးခေါင်းတိုင်မှ ထွက်လာမည့် မီးခိုးအရောင်ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြမည် ဖြစ်သည်။

ကိုးကား- AFP