အိန္ဒိယစစ်တပ်သည် အကြမ်းဖက်တိုက်ခိုက်မှုအား တုံ့ပြန်ရာတွင် နည်းလမ်း၊ ပစ်မှတ်နှင့် ရက်စွဲများကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည် ဟု ဝန်ကြီးချုပ် မိုဒီ ပြောကြား

News Image

  • အိန္ဒိယစစ်တပ်သည် အကြမ်းဖက်တိုက်ခိုက်မှုအား တုံ့ပြန်ရာတွင် နည်းလမ်း၊ ပစ်မှတ်နှင့် ရက်စွဲများကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည် ဟု ဝန်ကြီးချုပ် မိုဒီ ပြောကြား

အကြမ်းဖက်တိုက်ခိုက်မှုအား တုံ့ပြန်အရေးယူမှုများတွင် အိန္ဒိယစစ်တပ်သည် နည်းလမ်း၊ ပစ်မှတ်နှင့် ရက်စွဲများကို ရွေးချယ်ရာ၌ အပြည့်အဝ လုပ်ဆောင်ပိုင်ခွင့်ရှိသည် ဟု မိုဒီ၏ ပြောကြားချက်ကို ကိုးကား၍ PTI သတင်းဌာနက ဖော်ပြထားပါသည်။ 

အကြမ်းဖက်ဝါဒအား အပြီးအတိုင် တိုက်ဖျက်ရန်မှာ မိမိတို့၏ အမျိုးသား ရည်မှန်းချက်ဖြစ်သည်ဟု မိုဒီက ထည့်သွင်းပြောကြားခဲ့သည်။ 

မိုဒီသည် အိန္ဒိယစစ်တပ်၏ ကျွမ်းကျင်မှုနှင့် စည်းကမ်းပြည့်ဝမှုကို အပြည့်အဝ ယုံကြည်ကြောင်း ဖော်ပြခဲ့ပြီး အကြမ်းဖက်သမားများအား လိုက်လံ ဖမ်းဆီးကာ အပြင်းအထန်အရေးယူမည်ဟု ကတိပြုခဲ့သည်။ 

ဧပြီ ၂၂ ရက်တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်း ပါဟယ်ဂမ်မြို့၌ ခရီးသွားများကို လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အိန္ဒိယနိုင်ငံသား ၂၅ ဦးနှင့် နီပေါနိုင်ငံသား ခရီးသွား ၁ ဦး သေဆုံးခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို ပါကစ္စတန်အခြေစိုက် လက်ရှာရီ-အဲ-တိုင်ဘာ အကြမ်းဖက်အဖွဲ့၏ လက်ခွဲ ဖြစ်သော “Resistance Front” က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယ မီဒီယာများ၏ ဖော်ပြထားပါသည်။

တိုက်ခိုက်မှုအပြီးတွင် အိန္ဒိယသည် အစ္စလာမာဘတ်ရှိ သံရုံးဝန်ထမ်းများကို တစ်ဝက်အထိ လျှော့ချခဲ့ပြီး ပါကစ္စတန်သံရုံး၏ စစ်အကြံပေးများအား မလိုလားအပ်သူများအဖြစ် ကြေညာခဲ့သည်။ ထို့အပြင် ပါကစ္စတန်နှင့် နယ်စပ်ရှိ အရေးပါသော Attari စစ်ဆေးရေးဂိတ်ကို ပိတ်ခဲ့သည်။ အိန္ဒိယအာဏာပိုင်များသည် အင်ဒပ်စ်မြစ်ရေစာချုပ်ကို ယာယီရပ်စဲခဲ့ပြီး ပါကစ္စတန်နိုင်ငံသားများအတွက် ဗီဇာထုတ်ပေးမှုကိုလည်း ရပ်ဆိုင်းလိုက်ပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃