အလွန်အကျွံပြုပြင်ထားသည့်အစာများ စားပါက ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးနိုင်ခြေ မြင့်မားနိုင်
ဘရာဇီးလီးယား မေ ၁
အလွန်အကျွံ ပြုပြင်စီရင်ထားသည့် အစားအစာများကို အစားများပါက အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးနိုင်ခြေ ပုံမှန်ထက်မြင့်မားလာနိုင်ကြောင်း သုတေသနပညာရှင်များက ဧပြီ ၃၀ ရက်တွင် ပြောကြားသည်။
ဘရာဇီး သုတေသနပညာရှင်များ၏ အဆိုအရ အလွန်အကျွံပြုပြင်စီရင်ထားသည့် အစားအစာများကို ၁၀ ရာခိုင်နှုန်းတိုး၍ စားသုံးတိုင်း ငယ်ငယ်ရွယ်ရွယ်ဖြင့် အသက်ဆုံးပါးနိုင်ခြေမှာလည်း ၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာတတ်ကြောင်း သိရသည်။
ဘရာဇီး သုတေသနပညာရှင်များသည် နိုင်ငံပေါင်း ရှစ်နိုင်ငံတို့မှ အသက် ၃၀ နှင့် ၆၉ နှစ်ကြားရှိသူများ၏ နေ့စဉ်စားသောက်ပုံများနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေများကို နှိုင်းယှဉ်လေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်များကို တင်ပြခဲ့ကြခြင်းဖြစ်သည်။
အလွန်အကျွံပြုပြင်စီရင်ထားသော အစားအစာများသည် ဆိုးဆေးများ၊ ဓာတုပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည့် အစားအစာများဖြစ်ကြပြီး သကြား၊ ပြည့်ဝဆီနှင့် ဆားဓာတ်ပါဝင်မှုမြင့်မားသော အစားအစာများ ဖြစ်ကြကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ