၆.၂ အဆင့် ငလျင် နယူးဇီလန်၌ လှုပ်ခတ်
နယူးဇီလန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းအနီးတွင် ဧပြီ ၃၀(ဗုဒ္ဓဟူး) ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီကျော်အတွင်း ရစ်ချက်စတာစကေး ၆.၂ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေး ဌာနက သတင်းထုတ်ပြန်ထားပါသည်။
ထိုငလျင်သည် နယူးဇီလန်ရှိ Invercargill မြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၃၀၀ (မိုင် ၁၈၇) အကွာနှင့် ပင်လယ်ရေမျက်နှာပြင်အောက် ကီလိုမီတာ ၁၀ (၆ မိုင်) အနက်တွင် ဗဟိုချက်ဖြစ်ပေါ်ခဲ့သော်လည်း နိုင်ငံသားများသည် ငလျင်ကို ခံစားမိခြင်း မရှိကြောင်း၊ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်ခဲ့ကြောင်း နယူးဇီလန် ဘူမိဗေဒသိပ္ပံအေဂျင်စီက သတင်းထုတ်ပြန် ထားပါသည်။
လူဦးရေ ၅ သန်းသာ နေထိုင်သော နယူးဇီလန်သည် ငလျင်နှင့် မီးတောင် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ပစိဖိတ်သမုဒ္ဒရာ မီးလက်စွပ် (Ring of Fire) ပေါ်တွင် တည်ရှိပါသည်။
ကိုးကား- အေပီ
Photo: 3AW
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃