သွေးတွင်းသကြားဓာတ်ပါဝင်မှု မြင့်မားနေသူ ဆယ်ကျော်သက်များ နှလုံးခုန်ရပ်တန့်နိုင်ခြေမြင့်မား

News Image

  • သွေးတွင်းသကြားဓာတ်ပါဝင်မှု မြင့်မားနေသူ ဆယ်ကျော်သက်များ နှလုံးခုန်ရပ်တန့်နိုင်ခြေမြင့်မား

ဟယ်လ်ဆင်ကီး  မေ ၂

သွေးတွင်းသကြားဓာတ်ပါဝင်မှုမြင့်မားနေသော ဆယ်ကျော်သက်များသည် နှလုံးခုန်ရပ်တန့်မှုပြဿနာနှင့် ရပ်ဆိုင်ရနိုင်ခြေမြင့်မားနေကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ မေ ၁ ရက်သတင်းများအရ သိရသည်။

ဖင်လန်နိုင်ငံ အရှေ့ဖင်လန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ အဆိုအရ သွေးအတွင်းသကြားဓာတ်ပါဝင်မှု မြင့်မားနေသော ဆယ်ကျော်သက်များ၌ နှလုံးအရွယ်အစား ကြီးမားလာနိုင်ခြေ သိသိသာသာ မြင့်မားနေတတ်ပြီး ၎င်းပြဿနာကြောင့် နှလုံး၏ သွေးများကို ညှစ်ထုတ်နိုင်စွမ်း အားနည်းသွားတတ်ပြီး နှလုံးခုန်ရုတ်တရက် ရပ်နိုင်ခြေလည်း မြင့်မားလာနိုင်ကြောင်း သိရသည်။

အစာမစားထားချိန် သွေးတွင်းသကြားဓာတ်ပါဝင်မှု အဆင့်သည် သွေးတစ်လီတာလျှင် ၅ ဒသမ ၆ မီလီမိုးလ်ထိ ရှိနေတတ်သည့် ဆယ်ကျော်သက်လူငယ်များသည် နှလုံးအရွယ်အစား ကြီးမားနိုင်ခြေ ၄၆ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။

ဆယ်ကျော်သက်များ၌ သွေးတွင်းသကြားဓာတ်ပါဝင်မှု မြင့်မားနေခြင်းသည် ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအစာများစားသုံးမှု၊ လေ့ကျင့်ခန်းမပြုလုပ်မှုတို့နှင့် ဆက်စပ်နေကြောင်း ဖင်လန်သုတေသနပညာရှင်များက ပြောကြားသည်။

ဖင်လန် သုတေသနပညာရှင်များသည် အသက် ၁၅ နှစ်နှင့် ၂၄ နှစ်ကြား လူငယ် ၁၅၀၀ ကျော်တို့ကို လေ့လာပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ