ဆေးလိပ်၊ အရက်သောက်သုံးခြင်းနှင့် လေ့ကျင့်ခန်းပြုလုပ်မှုကင်းမဲ့ခြင်းက လူတစ်ဦး၏ ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်နိုင်

News Image

  • ဆေးလိပ်၊ အရက်သောက်သုံးခြင်းနှင့် လေ့ကျင့်ခန်းပြုလုပ်မှုကင်းမဲ့ခြင်းက လူတစ်ဦး၏ ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်နိုင်

ဟယ်လ်ဆင်ကီး  မေ ၆

ဆေးလိပ်၊ အရက် သောက်သုံးခြင်းနှင့် လေ့ကျင့်ခန်းပြုလုပ်မှုကင်းမဲ့ခြင်းတို့သည် လူတစ်ဦး၏ ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်လာနိုင်ကြောင်း မေ ၅ ရက်သတင်းများအရ သိရသည်။

ဖင်လန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အထက်ဖော်ပြပါ အကျင့်ဆိုးသုံးမျိုး ရှိနေသူများအနေဖြင့် အသက် ၃၆ နှစ်လောက်မှစ၍ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများ စတင်ကျဆင်းလာနိုင်ကြောင်း သိရသည်။

သို့ဖြစ်ရာ အသက်ငယ်ငယ်ရွယ်ရွယ်တွင် စိတ်ကျန်းမာရေးနှင့် ရုပ်ကျန်းမာရေး အခြေအနေများ စတင်ကျဆင်းလာနိုင်မှုကို ကာကွယ်ရေးအတွက် ဆေးလိပ်သောက်သုံးမှုနှင့် အရက်သောက်သုံးမှုတို့ကို ထိန်းချုပ်ရန်လိုအပ်ပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်ကြောင်း ဖင်လန်သုတေသနပညာရှင်များက ပြောကြားသည်။

ဖင်လန် သုတေသနပညာရှင်များသည် ၁၉၅၉ ခုနှစ်တွင် မွေးဖွားခဲ့သူ ဦးရေ ၃၀၀ ကျော်တို့၏ ဘဝတစ်လျှောက် ကျန်းမာရေးမှတ်တမ်းများကို လေ့လာခဲ့ကြကြောင်း သိရသည်။။

လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ ကျန်းမာရေးနှင့်မညီညွတ်သည့် အကျင့်ဆိုးသုံးမျိုးလုံး ရှိနေသူများ၌ စိတ်ကျဝေဒနာနှင့် အခြားကျန်းမာရေးပြဿနာများ ပေါ်လာနိုင်ခြေ မြင့်မားနေတတ်သည်ကို တွေ့ရကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ