ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို ကင်မရွန်းနိုင်ငံ၌စတင်

News Image

  • ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို ကင်မရွန်းနိုင်ငံ၌စတင်

ကင်မရွန်းနိုင်ငံက ကမ္ဘာ့ပထမဆုံးအဖြစ် ကလေးငယ်များအတွက် ငှက်ဖျားရောဂါကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်မှုကို ဇန်နဝါရီလ ၂၂ ရက်တွင်စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးသည် ငှက်ဖျားရောဂါအတွက် ကမ္ဘာ့ပထမဆုံးကာကွယ်ဆေးဖြစ်ပြီး ထိုကာကွယ်ဆေးမှာ ဗြိတိန်နိုင်ငံ GSK ကုမ္ပဏီက ထုတ်လုပ်သည့် Mosquirix  ဆေးဖြစ်သည်။

ယခုကဲ့သို့ ငှက်ဖျားရောဂါကာကွယ် ဆေးထိုးလုပ်ငန်းကို ကင်မရွန်းကဲ့သို့သောနိုင်ငံ၌   စတင်လုပ်ဆောင်နိုင်ခြင်းသည် သမိုင်းမှတ်တိုင်တစ်ရပ်ကို စိုက်ထူနိုင်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောသည်။

အာဖရိကဒေသသည် ကမ္ဘာပေါ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုစုစုပေါင်းအနက် ၉၆ ရာခိုင်နှုန်းနှင့် ရင်ဆိုင်နေရသည့်ဒေသဖြစ်သည်။

အာဖရိကဒေသအနက် ကင်မရွန်းနိုင်ငံမှာ နှစ်စဉ်ငှက်ဖျားရောဂါဖြစ်ပွားသူ ခြောက်သန်းကျော်ရှိပြီး ၂၀၂၁ ခုနှစ်တစ်နှစ်တည်းမှာပင်ထိုရောဂါကြောင့်သေဆုံးသူ ၁၃၈၃၉ ဦးရှိသည်။  ၎င်းတို့အနက် သေဆုံးသူအများစုမှာ အသက်ငါးနှစ်အောက်ကလေးငယ်များဖြစ်သည်။

ဒီလိုမျိုးကာကွယ်ဆေးထိုးလုပ်ငန်းက လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင်မိသားစုများနဲ့နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်များအပေါ်လည်း ကြီးစွာသောသက်သာမှု ရရှိစေပါလိမ့်မယ်ဟု ကာကွယ်ဆေးများနှင့် ကိုယ်ခံအားမြှင့်တင်ခြင်း ကမ္ဘာ့ပူးပေါင်းအဖွဲ့(GAVI)မှ ကာကွယ်ဆေးထိုး အစီအစဉ်ညွှန်ကြားရေးမှူး အော်ရယ်လီယာငုယန်ကပြောသည်။

Ref:RT

Source: https://myawady.net.mm/