ဂျပန်စွန့်ဦးတီထွင်ကုမ္ပဏီ၏ လဆင်းယာဉ် လပတ်လမ်းကြောင်းအတွင်း ဝင်ရောက်
တိုကျိုအခြေစိုက် စွန့်ဦးတီထွင်ကုမ္ပဏီတစ်ခုသည် ၎င်း၏ လဆင်းယာဉ်ကို လပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာပို့ဆောင်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါသည်။
ispace ကုမ္ပဏီက ဗုဒ္ဓဟူးနေ့ (မေ ၇) တွင် အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါလဆင်းယာဉ်ကို ဇန်နဝါရီလအတွင်းက အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီက အင်္ဂါနေ့ (မေ ၆) UTC စံတော်ချိန် ၂၁း၀၀ နာရီ မတိုင်မီ ၉ မိနစ် ခန့်တွင် ယာဉ်၏ ပင်မတွန်းအားပေးစက်ကိုသုံး၍ လပတ်လမ်းကြောင်း အတွင်းဝင်ရောက်မှုလုပ်ငန်းစဉ် ပြီးမြောက်ခဲ့ကြောင်း ဆိုသည်။
လမျက်နှာပြင်အထက် ကီလိုမီတာ ၁၀၀ ခန့်မှ အမြင့်ကို တဖြည်းဖြည်းလျှော့ချရန် ကုမ္ပဏီက စီစဉ်ထားပြီး ဇွန်လ ၅ ရက်နေ့ UTC စံတော်ချိန် ၁၉:၂၄ နာရီတွင် ဆင်းသက်ရန် ကြိုးပမ်းမည် ဖြစ်သည်။
ဤသည်မှာ ၂၀၂၃ ခုနှစ်တွင် ispace ၏ ပထမဆုံးကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် လပေါ်သို့ ဆင်းသက်ရန် ကြိုးပမ်းမှုဖြစ်ပါသည်။ အောင်မြင်ခဲ့ပါက ispace သည် ထိုကဲ့သို့ စွမ်းဆောင်နိုင်သည့် ပထမဆုံး ဂျပန်ပုဂ္ဂလိကကုမ္ပဏီ ဖြစ်လာမည်ဖြစ်သည်။
၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ပုဂ္ဂလိကအာကာသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီများ၏ မောင်းသူမဲ့လဆင်းသက်မှု အောင်မြင်ပြီးနောက် ispace ၏ ကြိုးပမ်းမှုထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
ispace ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Hakamada Takeshi က ဆင်းသက်မှုအောင်မြင်ရေး သေချာစေရန် ဂရုတစိုက် လုပ်ဆောင်မှုများနှင့် စေ့စပ်သော ပြင်ဆင်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂