ဓာတ်ငွေ့မီးဖိုမှထွက်သည့် ဘင်ဇိုင်းဓာတုပစ္စည်းကြောင့် ကင်ဆာရောဂါများဖြစ်နိုင်ခြေ မြင့်မားလာနိုင်
နယူးယောက် မေ ၉
မီးမိုချောင်သုံး ဓာတ်ငွေ့မီးဖိုမှထုတ်လွှတ်သည့် ဘင်ဇိုင်းဓာတုပစ္စည်းများကြောင့် ကင်ဆာရောဂါများဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ မေ ၈ ရက် သတင်းများအရ သိရသည်။
အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ်မှ သုတေသနပညာရှင်များသည် နေအိမ် ၈၇ လုံးတို့မှ ဓာတ်ငွေ့မီးဖိုများ၏ ဘင်ဇိုင်းထုတ်လွှတ်မှုအဆင့်ကို တိုင်းတာလေ့လာခဲ့ကြသည်။
လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ ဓာတ်ငွေ့မီးဖိုများမှ ဘင်ဇိုင်းဓာတုပစ္စည်းထုတ်လွှတ်မှုအမြင့်မားဆုံးနှင့် လေဝင်လေထွက်နည်းပါးသည့် နေအိမ်များ၌ နေထိုင်သူများတွင် ကင်ဆာရောဂါများဖြစ်နိုင်ခြေ မြင့်တက်လာနိုင်သည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် ဓာတ်ငွေ့မီးဖိုများမှ ထုတ်လွှတ်သည့် ဘင်ဇိုင်းဓာတုပစ္စည်းများကြောင့် ကလေးများ၌ ကင်ဆာရောဂါများဖြစ်နိုင်ခြေမှာ အရွယ်ရောက်သူများထက် ၁ ဒသမ ၈၅ ဆ ပိုမြင့်မားကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။
ဓာတ်ငွေ့မီးဖိုများမှ ထုတ်လွှတ်သည့် အန္တရာယ်များသော ဓာတုပစ္စည်းများအတွက် လေဝင်လေထွက်ကောင်းမွန်အောင် ဖန်တီးပေးထားရန်နှင့် ဓာတ်ငွေ့မီးဖိုနေ့စဉ်အသုံးပြုမှုကြိမ်ရေ လျှော့ချရန် သုတေသနပညာရှင်များက ပြောကြားသည်။
Source: ရတနာပုံသတင်းစာ