Sleep Apnea ပြဿနာကြောင့် ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းလာနိုင်
နယူးယောက် မေ ၁၁
အိပ်စက်ချိန် လေပြွန်ပိတ်ဆို့မှု ပြဿနာ (Sleep Apnea) ကြောင့် ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း မေ ၁၀ ရက် သတင်းများအရ သိရသည်။
အိပ်စက်နေချိန် လေပြွန်ပိတ်ဆို့မှုဖြစ်ပွားချိန်တွင် သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုနှုန်း ကျဆင်းလာတတ်မှုသည် မှတ်ဉာဏ်နှင့် ဆက်စပ်နေသည့် ဦးနှောက်နယ်မြေများ ထိခိုက် ပျက်စီးသွားနိုင်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။
အမေရိကန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အိပ်စက်ချိန် လေပြွန်ပိတ်ဆို့မှုကြောင့် သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုနှုန်း ပိုမိုကျဆင်းလေ ဦးနှောက်နယ်မြေများ ထိခိုက်ပျက်စီးမှုလည်း ပိုမိုကြီးမားလာလေလေဖြစ်ကြောင်း သိရသည်။
အမေရိကန်သုတေသနပညာရှင်များသည် အိပ်စက်ချိန်လေပြွန်ပိတ်ဆို့မှုပြဿနာရှိသူ ၂၇ ဦးအပါအဝင် ပျမ်းမျှ အသက် ၇၃ နှစ်အရွယ်ရှိသူ လူပေါင်း ၃၇ ဦးတို့ကို လေ့လာခဲ့ကြသည်။
လေ့လာချက်မှပေါ်ထွက်သည့်ရလဒ်များအရ Sleep Apnea ပြဿနာကြောင့် သွေးအတွင်း အောက်ဆီဂျင် ကျဆင်းသွားချိန်တွင် မှတ်ဉာဏ်နှင့် ဆက်စပ်နေသည့် ဦးနှောက်နယ်မြေများ ပျက်စီးမှုအဆင့် မြင့်တက်လာသည်ကို တွေ့ရကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။
Source: ရတနာပုံသတင်းစာ