သားအိမ်ခေါင်းကင်ဆာရောဂါကို နေအိမ်မှာပင် စစ်ဆေးနိုင်သည့် ကိရိယာတစ်မျိုး FDA ခွင့်ပြု
နယူးယောက် မေ ၁၂
သားအိမ်ခေါင်းကင်ဆာရောဂါကို နေအိမ်မှာပင် စစ်ဆေးနိုင်မည့် ကိရိယာတစ်မျိုးကို အမေရိကန်အစိုးရ အစားအစာနှင့် ဆေးဝါးလုံခြုံရေးအေဂျင်စီ (FDA) က မေ ၉ ရက်တွင် ခွင့်ပြုပေးလိုက်ကြောင်း မေ ၁၁ ရက် သတင်းများအရ သိရသည်။
The Teal Wand ဟူ၍ အမည်ပေးထားသည့် အဆိုပါ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးရေးကိရိယာကို အမေရိကန်နိုင်ငံအခြေစိုက် Teal World ဇီဝ နည်းပညာကုမ္ပဏီက ဖန်တီးထားခြင်းဖြစ်ကြောင်း သိရသည်။
The Teal Wand သားအိမ်ခေါင်းကင်ဆာ စစ်ဆေးရေးကိရိယာသည် Human Papillomavirus (HPV) ခေါ် ဗိုင်းရပ်ကို စစ်ဆေးပေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကို ရှာဖွေပေးနိုင်ကြောင်း သိရသည်။
အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရမှုအများစုမှာ HPV ဗိုင်းရပ်ကြောင့် ဖြစ်ပွားရသည့် ကင်ဆာရောဂါဖြစ်စဉ်များ ဖြစ်ကြကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။
FDA ၏ ခွင့်ပြုချက်အရ The Teal Wand သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှုကိရိယာကို သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေမြင့်မားသည့် အသက် ၂၅ နှစ်နှင့် ၆၅ နှစ်ကြားရှိသူများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်တွေ့ စမ်းသပ်မှုများမှ ပေါ်ထွက်လာသည့် ရလဒ်များအရ The Teal Wand ကိရိယာသည် သားအိမ်ခေါင်းကင်ဆာရောဂါကို ၉၆ ရာခိုင်နှုန်း တိကျစွာဖော်ထုတ်နိုင်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ