ဆေးယဉ်ပါး ဗက်တီးရီးယားပေါက်ပွားမှုကို အားပေးနေတဲ့ အဝတ်လျှော်စက်များ
အဝတ်လျှော်စက်တွေမှာ ပါဝင်တဲ့ ဇီဝဖလင်ပြားတွေမှာ ရောဂါဖြစ်ပွားစေတဲ့ပစ္စည်းများနဲ့ ဆေးယဉ်ပါးမှုကိုဖြစ်ပေါ်စေနိုင်တဲ့ မျိုးရိုးဗီဇများ ပါဝင်နေတယ်လို့ သုတေသနတစ်ခုမှာ ပညာရှင်များကဖော်ပြထားပါတယ်။ ဒီအချက်ဟာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ယူနီဖောင်းတွေကို နေအိမ်မှာလျှော်ခြင်းက အန္တရာယ်များနိုင်တယ် ဆိုတဲ့အချက်ကို ဖော်ပြနေတာ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ယူနီဖောင်းတွေကို နေအိမ်မှာရှိတဲ့ အဝတ်လျှော်စက်တွေမှာလျှော်ခြင်းက ဆေးရုံအတွင်း ဆေးယဉ်ပါး ကူးစက်မှုတွေကို ပိုမိုပျံ့နှံ့စေဖို့ ကူညီပေးတဲ့အတွက်ဖြစ်ပါတယ်။ အခုသုတေသနကို မွန့်ဖို့တက္ကသိုလ်မှ သုတေသနပညာရှင် ကေတီလာ့က ဦးဆောင်ပြုလုပ်ထားတာပါ။
ဆေးရုံနဲ့ဆက်စပ်နေတဲ့ ကူးစက်ရောဂါတွေဖြစ်ပွားမှုဟာ ယနေ့အချိန်အခါမှာ ပြည်သူ့ကျန်းမာရေးအတွက် တကယ့်ကိုစိုးရိမ်ရတဲ့ အခြေအနေတစ်ရပ်အဖြစ် ပေါ်ထွန်းလာနေတာ တွေ့ရပါတယ်။
ဒါကြောင့်ပဲ သုတေသနပညာရှင်များက ဒီလိုမျိုးဖြစ်ပေါ်နေရတဲ့ အကြောင်းရင်းကို ရှာဖွေရင်း အခုလိုတွေ့ရှိချက်ကို ဖော်ထုတ်နိုင်တာဖြစ်တယ်လို့ PLOS One ဂျာနယ်က ဖော်ပြထားပါတယ်။
Source: https://myawady.net.mm/