ပြင်သစ်လီဂူးပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား ဒမ်ဘီလီ ဆွတ်ခူး

News Image

  • ပြင်သစ်လီဂူးပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား ဒမ်ဘီလီ ဆွတ်ခူး

ပဲရစ်   မေ ၁၃

ပြင်သစ်လီဂူးပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား ဒမ်ဘီလီက ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်ရှိ ဒမ်ဘီလီသည် ဘာစီလိုနာအသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရပြီးနောက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ပထမဆုံး ဘောလုံးရာသီတွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း ယခုနှစ်ဘောလုံးရာသီတွင် နည်းပြအင်းနရစ်လက်အောက်၌ အကောင်းဆုံး ခြေစွမ်းပြသလျက်ရှိသူဖြစ်သည်။

ဒမ်ဘီလီသည် ယခုနှစ် ဘောလုံးရာသီတွင် ပီအက်စ်ဂျီအသင်းနှင့်အတူ ပြင်သစ်လီဂူးပြိုင်ပွဲ ၂၈ ပွဲ ပါဝင်ကစားပြီးချိန်တွင် ၂၁ ဂိုးထိ သွင်းယူနိင်ခဲ့သကဲ့သို့ ဂိုးဖန်တီးမှု ခြောက်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံးက ဦးဆောင်နေပြီး ပီအက်စ်ဂျီအသင်းရာသီမကုန်ဆုံးမီ ပြင်သစ်လီဂူးဆုဖလား ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီးနောက် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ဒမ်ဘီလီသည် ရင်းနက်စ်အသင်းတွင် ကစားခဲ့စဉ် ၂၀၁၆ ခုနှစ်ကလည်း အသင်းနှင့်အတူ ပြင်သစ်လီဂူးပြိုင်ပွဲတွင် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး တစ်နှစ်တာ လူငယ်အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ဖူးရာ ယခုအခါ တစ်ဦးချင်းအဓိကဆုကို ဒုတိယအကြိမ် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ