မော်လ်ဒိုဗာခေါင်းဆောင်က ၂၀၂၈ ခုနှစ်မတိုင်မီ ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန် ကတိပြု
မော်လ်ဒိုဗာသမ္မတ မာရီယာ ဆန်းဒူး က အနောက်တိုင်းရေးရာမူဝါဒကို ကန့်ကွက်သူများ များလာနေသော်လည်း ၎င်း၏နိုင်ငံသည် ၂၀၂၈ ခုနှစ် မတိုင်မီ ဥရောပသမဂ္ဂ (EU) သို့ ဝင်ရောက်နိုင်ကြောင်း ပြောကြား ခဲ့သည်။
ရုရှားကို ထောက်ပြဝေဖန်သူ ဆန်းဒူး သည် ၂၀၂၀ ပြည့်နှစ်တွင် အာဏာရလာပြီးနောက် ယခင် ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံဖြစ်သည့် မော်လ်ဒိုဗာ သည် EU နှင့် NATO အဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းလျက်ရှိသည်။ ၂၀၂၂ ခုနှစ် တွင် ယူကရိန်းနှင့်အတူ EU ဝင်ရန် အဆင့်မြှင့်တင်ခံခဲ့ရပြီး၊ ယမန်နှစ်က အငြင်းပွားဖွယ်ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရခဲ့သည့် ဆန်းဒူးသည် EU သို့ အမြန်ဆုံးဝင်ရောက်နိုင်ရေး အားထုတ်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
တနင်္လာနေ့ (မေ ၁၂) က TV8 ရုပ်သံဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ EU သို့ ဝင်ရောက်မည့်အချိန်ကို မေးမြန်းရာတွင် ဆန်းဒူးက ၂၀၂၇ နှစ်ကုန် တွင် ညှိနှိုင်းဆွေးနွေးမှုများ ပြီးဆုံးရန် ရည်မှန်းထားကြောင်း ဖြေကြားခဲ့ သည်။
“၂၀၂၈ ခုနှစ်မတိုင်မီတွင် EU အဖွဲ့ဝင်နိုင်ငံအားလုံးက မိမိတို့၏ သဘောတူညီချက်များကို အတည်ပြုပြီးဖြစ်မည် ဟု မျှော်လင့်ပါသည်။ ထိုသို့ဖြင့် လက်ရှိဥရောပကော်မရှင်၏ သက်တမ်းကုန်ဆုံးချိန် ၂၀၂၉ ခုနှစ်အထိ လုပ်ငန်းစဉ်ကို အပြီးသတ်နိုင်မည်” ဟု သူမက ဆိုသည်။
Ursula von der Leyen ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ဥရောပကော်မရှင် ၏ သက်တမ်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ မှ ၂၀၂၉ ခုနှစ်အထိ ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂