ထရမ့်က “EU က တရုတ်ထက်ပိုဆိုး” ဟု ပြင်းပြင်းထန်ထန် ဝေဖန်

News Image

  • ထရမ့်က “EU က တရုတ်ထက်ပိုဆိုး” ဟု ပြင်းပြင်းထန်ထန် ဝေဖန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဥရောပသမဂ္ဂ (EU) အား ကုန်သွယ်ရေးအရ “တရုတ်ထက်ပင် ပိုမိုဆိုးရွားသည့်အဖွဲ့” အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ဧပြီလအစောပိုင်းတွင် ဝါရှင်တန်သည် EU ကုန်ပစ္စည်းအားလုံးကို ၂၀% အကောက်ခွန်နှင့် ကားနှင့်သတ္တုတင်သွင်းကုန်များကို ၂၅% အကောက်ခွန် စီမံချက်များ ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် အကောက်ခွန် ရက် ၉၀ ခေတ္တရပ်ဆိုင်းမည်ဟု ကြေညာသော်လည်း အခြေခံ ၁၀% နှင့် အထူးကား အကောက်အခွန် ၂၅% တို့မှာ သဘောတူညီချက်မရမချင်း ဆက်လက် ကျင့်သုံးနေဆဲဖြစ်သည်။

“ဥရောပသမဂ္ဂသည် တရုတ်ထက် အများကြီးပိုဆိုးပါသည်” ဟု ထရမ့်က တနင်္လာနေ့ (မေ ၁၂) တွင် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

“EU က ကုန်သွယ်မှုကဏ္ဍတွင် မိမိတို့ကို တရားမျှတမှုကင်းမဲ့စွာ ဆက်ဆံခဲ့ပါသည်။ ၎င်းတို့က မိမိတို့ထံ ကားအစီးရေ ၁၃ သန်းရောင်းပါသည်။ မိမိတို့က ၎င်းတို့ထံ တစ်စီးမျှ မရောင်းပါ။ ၎င်းတို့က စိုက်ပျိုးရေးထွက်ကုန် တွေရောင်းပါသည်။ မိမိတို့က ၎င်းတို့ဆီ လုံးဝနီးပါးမရောင်းပါ” ဟု သမ္မတက ဆိုပြီး ဘရပ်ဆဲလ်သည် “Apple၊ Google၊ Meta အပါအဝင်အမေရိကန်ကုမ္ပဏီကြီးများကို တရားစွဲနေပါသည်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

ထရမ့်က “အမေရိကန်၌ အလုံးစုံအာဏာရှိနေခြင်းကြောင့် EU အနေဖြင့် များစွာလျှော့ချလာရမည်” ဟု ခန့်မှန်းထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂