အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆော်ဒီသို့ရောက်ရှိ၊ အိမ်ရှေ့မင်းသားက ခမ်းနားစွာကြိုဆို

News Image

  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆော်ဒီသို့ရောက်ရှိ၊ အိမ်ရှေ့မင်းသားက ခမ်းနားစွာကြိုဆို

မေ ၁၃ တွင် အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်အဖြစ်ရောက်ရှိလာသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ဆော်ဒီအာရေဗျနိုင်ငံမှ တော်ဝင် ဘုရင့်ရိုးရာကြိုဆိုမှုများဖြင့် ချီးမြှင့်ကြိုဆိုခဲ့ပြီး ရီယက်မြို့တော်သို့ ရောက်ရှိလာသော သမ္မတထရမ့်အား အိမ်ရှေ့မင်းသား Mohammed bin Salman ကိုယ်တိုင် လေယာဉ်ကွင်းတွင် ကြိုဆိုခဲ့ပါသည်။

သမ္မတထရမ့်နှင့် အိမ်ရှေ့မင်းသားတို့သည် ချစ်ကြည်ရင်းနှီးစွာ နှုတ်ဆက်ကြပြီး ဆော်ဒီအရာရှိကြီးများနှင့် မိတ်ဆက်စကားပြောဆိုပြီးနောက် လေဆိပ်အတွင်းသို့ ဝင်ရောက်ခဲ့ကြကာ လေဆိပ်အတွင်းရှိ ဆော်ဒီဘုရင့် မိသားစုဝင်များ၏ ပုံတူများအောက်တွင် ရွှေခြည်ထိုးထားသော ခမ်းနားသည့် ခရမ်းရောင်ခုံများတွင် ထိုင်၍အနားယူကာ ခရီးဦးကြို နှုတ်ဆက်စကားများ ပြောဆိုခဲ့ကြပါသည်။

အဆိုပါခရီးစဉ်တွင် အမေရိကန်အစိုးရအဖွဲ့ဝင်များဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio၊ ကာကွယ်ရေးဝန်ကြီး Pete Hegseth၊ စီးပွားရေး ဝန်ကြီး Howard Lutnick နှင့် စွမ်းအင်ဝန်ကြီး Chris Wright တို့လည်း ပါဝင်ခဲ့ကြသည်။

အိမ်ရှေ့မင်းသား Mohammed bin Salman သည် သမ္မတထရမ့်၏ နိုင်ငံရေးမဟာမိတ်တစ်ဦးအဖြစ် ရပ်တည်လျက်ရှိပြီး ရုရှား-ယူကရိန်း စစ်ပွဲအဆုံးသတ်ရန် အမေရိကန်၏ ကြားဝင်ဖျန်ဖြေရေးလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းသည် သမ္မတထရမ့်၏ ပထမ သက်တမ်းကတည်းက နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန် အားထုတ်ခဲ့သူဖြစ်ပြီး သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပထမဆုံး ဂုဏ်ပြု ကြိုဆိုခဲ့သည့် ကမ္ဘာ့ခေါင်းဆောင်များထဲမှ တစ်ဦးလည်းဖြစ်သည်။

သမ္မတထရမ့်၏ ဒုတိယသက်တမ်းအတွင်း ပထမဆုံးနိုင်ငံတကာခရီးစဉ်အဖြစ် ရီယက်မြို့တော်ကို ဦးစွာရွေးချယ်ခြင်းသည် ၂၀၁၈ ခုနှစ်က သတင်းစာ ဆရာ Jamal Khashoggi လုပ်ကြံခံရမှုကြောင့် ဆော်ဒီအာရေဗျနိုင်ငံအား နိုင်ငံတကာမှ သီးသန့်ခွဲထားမှုများကို ဖြေလျှော့ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုကြသည်။

Bloomberg Economics ၏ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ တာဝန်ခံ Dina Esfandiary က CNN ၏ Becky Anderson အား “ဆော်ဒီအာရေဗျ အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခရီးစဉ်သည် အရှေ့အလယ်ပိုင်းဒေသ အလျင်အမြန်ပြောင်းလဲနေချိန် အရေးပါသော အချိန်ကာလတွင် ဆော်ဒီ၏အရည်အသွေးများကို ပြသရန် အခွင့်အလမ်းကောင်း တစ်ရပ်ဖြစ်လာမည်” ဟု ပြောကြားခဲ့သည်။

ထရမ့်၏ခရီးစဉ်သည် ရီယက်အတွက် “ဒေသတွင်းရှိ အမေရိကန်၏ လုပ်ဆောင်ချက်များနှင့် ဒေသတွင်းပဋိပက္ခများဆိုင်ရာ မိမိတို့၏ကန့်သတ်ချက်များ သတ်မှတ်ရန် အခွင့်အလမ်းလည်းဖြစ်မည်” ဟု ၎င်းက ဆိုသည်။ သူမက “ယနေ့ အရှေ့အလယ်ပိုင်းဒေသသည် ထရမ့်၏ ပထမ သက်တမ်းကာလခရီးစဉ်များနှင့် များစွာကွဲပြားနေကြောင်း” ဖြည့်စွက် ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျသည် ယခင်ရန်ဘက်ဖြစ်ခဲ့သော အီရန်နှင့် ဆက်ဆံရေး တိုးမြှင့်လျက်ရှိပြီး အီရန်၊ အမေရိကန်နှင့် အစ္စရေးကြား စစ်ရေးတင်းမာမှုများတွင် ပါဝင်မိမည်ကို စိုးရိမ်နေသည်။

“ဆော်ဒီအာဏာပိုင်များသည် ဒေသတွင်းတည်ငြိမ်ရေးအတွက် မည်သည့်ဆွေးနွေးပွဲကိုမဆို လက်ခံကျင်းပရန် အဆင်သင့်ရှိကြောင်း” ဟု အဲစ် ဖန်ဒီယာရီက ပြောကြားခဲ့သည်။

သမ္မတထရမ့်သည် ယခုသီတင်းပတ်အတွင်း ကာတာ၊ ဒိုဟာနှင့် အာရပ် စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့များသို့လည်း ဆက်လက် ခရီးဆက်မည်ဖြစ်သည်။ အဆိုပါခရီးစဉ်သည် ၂၀၁၇ ခုနှစ်က ထရမ့်၏ ပထမဆုံး နိုင်ငံတကာခရီးစဉ်ကို ပြန်လည်အမှတ်ရစေသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂