အငြင်းပွားမှုများရှိနေသည့်တိုင် ကာတာက လက်ဆောင်ပေးမည့် အကောင်းစား ဘိုးရင်း လေယာဉ်ကို Air Force One အသစ်အဖြစ် လက်ခံရယူမည်ဟု သမ္မတဒေါ်နယ်ထရမ့် ပြောကြား
လက်ဆောင်ပစ္စည်းများနှင့်စပ်လျဉ်း၍ အမေရိကန်သမ္မတများအတွက် တင်းကျပ်သောစည်းမျဉ်း စည်းကမ်းများရှိနေသည့်တိုင် သမ္မတဒေါ်နယ်ထရမ့်က ကာတာထံမှ အကောင်းဆုံး Boeing ဂျက်လေယာဉ်ကို လက်ခံရယူလိမ့်မည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ထရမ့်က အဆိုပါလက်ဆောင်ကို Air Force One လေယာဉ်သစ်အဖြစ် လက်ခံမည့်အစီအစဉ်များကို မေလ ၁၁ ရက်တွင် ကာကွယ်ပြောဆိုခဲ့သည်။
ယင်းအကြောင်း ပထမဆုံးသတင်းဖော်ပြခဲ့သော ABC သတင်းဌာနက လေယာဉ်အား “ပျံသန်းနေသော နန်းတော်” ဟု ခေါ်ခဲ့သည်။ ကာတာတော်ဝင်မိသားစုက လက်ဆောင်ပေးသော Boeing 747-8 ဂျမ်ဘို ဂျက်လေယာဉ်သည် အမေရိကန်အစိုးရအဖွဲ့က လက်ခံရယူမည့် တန်ဖိုးအကြီးဆုံး လက်ဆောင် ဖြစ်လာလိမ့်မည်ဟု ABC က ဖော်ပြခဲ့သည်။
အခမဲ့ရရှိမည် ဟု ထရမ့်က ပြောကြားထားသော လေယာဉ်နှင့်ပတ်သက်၍ အငြင်းပွားစရာများရှိလာ သည်။ အမေရိကန်သမ္မတသည် မိသားစု စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူပိုင်ရုံးကို အသုံးပြုနေခြင်းတို့နှင့်ပတ်သက်၍ အကျိုးစီးပွား ဝိရောဓိဖြစ်လာနိုင်စရာရှိသည်ဟူသော မေးခွန်းများ ပေါ်ထွက် လာခဲ့သည်။
မေလ ၁၁ ရက် ညပိုင်းက ဆိုရှယ်မီဒီယာတွင် တင်ခဲ့သောပို့စ်၌ ထရမ့်က ကာတာကို ရည်ညွှန်းခြင်းမရှိသော်လည်း ယင်းလေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာနထံ ရောက်သွားမည့် ယာယီ လက်ဆောင်ဖြစ်သည်ဟု ဖော်ပြခဲ့ပြီး အနှစ် ၄၀ ရှိသော လက်ရှိ Air Force One နေရာကို အစားထိုးမည့် လေယာဉ်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
လုပ်ငန်းစဉ်သည် ထင်သာမြင်သာ အပေးအယူကိစ္စအဖြစ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု အသက် ၇၈ နှစ် အရွယ် ထရမ့်က ပြောကြားခဲ့သည်။ သို့သော်လည်း တစ်ဖက်ဖက်က တစ်ခုခုကို ပြန်လည် ရရှိခြင်း ရှိ၊ မရှိ ဆိုသည်ကို တိတိကျကျပြောကြားခြင်းမရှိပေ။ ထိုအစား ထရမ့်က လေယာဉ်အသစ်အတွက် မလိုအပ်ဘဲ ငွေကြေးအကုန်ခံလိုနေသော ဒီမိုကရက်များကို အပြစ်တင်ခဲ့သည်။
ကာတာက အုတ်အော်သောင်းနင်း ဖြစ်သွားခြင်းကို လျော့ပေါ့ပြောဆိုရန် လျင်လျင်မြန်မြန် နည်းလမ်းရှာခဲ့ပြီး လေယာဉ်ကို လက်ဆောင်အဖြစ်ပေးသည်ဟု ဖော်ပြနေသော သတင်းများသည် မမှန်ကန်ဟု ပြောကြားခဲ့သည်။
“လေယာဉ်ကို Air Force One အဖြစ် ယာယီအသုံးပြုရေးအတွက် ဖြစ်လာနိုင်စရာ လွှဲပြောင်းမှုကို ကာတာကာကွယ်ရေးဝန်ကြီးဌာနနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနတို့က လတ်တလောတွင် စဉ်းစားသုံးသပ်နေဆဲပါ” ဟု အမေရိကန်နိုင်ငံဆိုင်ရာ ကာတာ၏ မီဒီယာသံမှူး အလီအယ်အန်ဆာရီ က ပြောကြားခဲ့ပြီး ဆုံးဖြတ်ချက်ချမှတ်ခြင်း မရှိသေးဟု ဆိုသည်။
အမေရိကန်ဖွဲ့စည်းပုံ၏ လုပ်ခငွေများဟူသော ဥပဒေအပိုဒ်တွင် အစိုးရတာဝန်ရှိသူများသည် ဘုရင်၊ မင်းသား၊ ပြည်ပနိုင်ငံတို့ထံမှ တံစိုးလက်ဆောင်များကို ရယူခြင်းအား တားမြစ်ကြောင်း ဖော်ပြထားသည်။
ထရမ့်က ရာထူးသက်တမ်းကုန်သည့်အခါ လေယာဉ်ကို ၎င်း၏သမ္မတစာကြည့်တိုက်သို့ လွှဲပြောင်းပေးခြင်းဖြင့် ဥပဒေကို ရှောင်ကွင်းသွားလိမ့်မည်ဟု သုံးသပ်နေကြသည်။
ကိုးကား- Eleven Media Group