ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းသောဓာတ်စာများက ပုံစံ-၂ ဆီးချိုလူနာများ သွေးအတွင်းသကြားဓာတ်ပါဝင်မှုကို ထိန်းချုပ်ရာတွင် အထောက်အကူပြုနိုင်
နယူးယောက် အောက်တိုဘာ ၂၄
ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနည်းပါးသော ဓာတ်စာများသည် ပုံစံ-၂ ဆီးချိုရောဂါ လူနာများ သွေးအတွင်း သကြားဓာတ်ပါဝင်မှုအဆင့်ကို ထိန်းချုပ်ရာတွင် အထောက်အကူပြုနိုင်ဖွယ် ရှိကြောင်း အောက်တိုဘာ ၂၃ ရက်သတင်းများအရ သိရသည်။
ထို့ပြင် ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းပါးသော ဓာတ်စာများစားသုံးပါက ပုံစံ-၂ ဆီးချိုရောဂါ လူနာများအနေဖြင့် ဆီးချိုဆေးများ သုံးစွဲရမှုကိုလည်း လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း အမေရိကန် နိုင်ငံ အလာဘားမားတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပြောကြားသည်။
အမေရိကန် သုတေသနပညာရှင်များ၏ အဆိုအရ ကစီဓာတ်သို့မဟုတ် ကာဘိုဟိုက်ဒရိတ်ပါဝင်မှု ကန့်သတ်ထားသော အစားအစာများသည် ပန်ကရိယအင်္ဂါအတွင်းရှိ ဘီတာဆဲလ်ခေါ် ဆဲလ်များ၏ လုပ်ငန်းလည်ပတ်မှုကို မြှင့်တင်ပေးနိုင်ကြောင်း သိရသည်။
သွေးအတွင်း သကြားဓာတ်ပါဝင်မှုကို ထိန်းညှိပေးသည့် အင်ဆူလင် ဟော်မုန်းများကို ထုတ်ပေး နေသော ဘီတာဆဲလ်များ ပျက်စီးပါက ပုံစံ-၂ ဆီးချိုရောဂါဖြစ်ပွားတတ်သည်။
သို့ရာတွင် မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ကာဘိုဟိုက်ဒရိတ်နည်းပါးသည့် ဓာတ်စာများသည် ဘီတာဆဲလ်များ လုပ်ငန်းလည်ပတ်မှုကို မြှင့်တင်ပေးခြင်းဖြင့် ပုံစံ-၂ ဆီးချိုလူနာများ သွေးအတွင်း သကြားဓာတ်ပါဝင်မှုကို ထိန်းချုပ်ရာ၌ အထောက်အကူပြုနိုင်ဖွယ်ရှိကြောင်း အမေရိကန်သုတေ သန ပညာရှင်များက ပြောကြားသည်။
ဘာသာပြန်- KKO
Source- မြန်မာ့အလင်း