လပေါ်သုတေသနစခန်းအတွက် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရန် တရုတ်နှင့်ရုရှား လက်မှတ်ထိုး
ပေကျင်း၊ နည်းပညာ
တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့က လပေါ်တွင် နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ရန် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း သိရသည်။
လပေါ်တွင်တည်ဆောက်မည့် သုတေသနစခန်းအား လျှပ်စစ်ဓာတ်အားပေးရန် ရည်ရွယ်၍ အဆိုပါ နျူကလီးယားဓာတ် အားပေးစက်ရုံကိုတည်ဆောက်သွားမည် ဖြစ်ပြီး ၂၀၃၆ ခုနှစ်အရောက်တွင်လုပ်ငန်းလည်ပတ်နိုင်ရန်လုပ်ဆောင်သွားမည်ဟု တာဝန်ရှိသူများက မေလ ၁၄ ရက်တွင် ပြောသည်။
တရုတ်အမျိုးသားအာကာသအာဏာပိုင်အဖွဲ့နှင့် ရုရှားအာကာသအေဂျင်စီဖြစ်သည့် Roscosmosတို့က ထိုသဘောတူညီချက်ကို ပြီးခဲ့သည့်သီတင်းပတ်တွင် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့က ၂၀၃၀ ပြည့်နှစ်အလွန်တွင် လ၏တောင်ဝင်ရိုးစွန်း၌ အမြဲတမ်း သုတေသနစခန်းတစ်ခုကိုတည်ဆောက်ကာ လူသားများနေထိုင်နိုင်ရေးအတွက် သုတေသနများ လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Ref: SCMP
Source: https://myawady.net.mm/