ယူကရိန်းပဋိပက္ခ အဆုံးသတ်သွားပါက ဥရောပတွင် လက်နက်မှောင်ခိုမှုများနှင့် ဒုစရိုက်မှုများ ပေါများလာမည်
ဘန်း၊ စစ်ရေး
ယူကရိန်းပဋိပက္ခ အဆုံးသတ်သွားပါက ဥရောပအနေဖြင့် လက်နက်မှောင်ခိုမှုများအပြင် ဒုစရိုက်မှုမျိုးစုံကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဦးဆောင်တတ်သိပညာရှင်များအဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။
ယူကရိန်း၌ကျန်ရစ်ခဲ့မည့်များပြားလှစွာသော စစ်လက်နက်ပစ္စည်းများကြောင့် လက်နက်ကြီးများအပါအဝင် လက်နက်အမျိုးမျိုးအတွက် မှောင်ခိုဈေးကွက်ကြီး ကိုပေါ်ပေါက်လာစေနိုင်ကြောင်း Global Initiative Against Transnational Organized Crime (GI-TOC) အဖွဲ့က ထုတ်ပြန်ထားသည်။
အသေးစားမှောင်ခိုလုပ်မှု အနေဖြင့် ပစ္စတိုများ၊ ချေမှုန်းရေးရိုင်ဖယ်များနှင့် လက်ပစ်ဗုံးများသည် ဥရောပသို့ ဝင်ရောက်လာနိုင်ကြောင်း၊ အကြီးစားအနေဖြင့်မူ ဒုံးပစ်လောင်ချာများ၊ ပခုံးထမ်းဒုံးများ၊ စက်သေနတ်ကြီးများနှင့် ချေမှုန်းရေးရိုင်ဖယ် အများအပြားကို ကွန်တိန်နာများဖြင့်ပင်တင်၍ ပဋိပက္ခများဖြစ်ပွားရာ အာဖရိက၊ အရှေ့ အလယ်ပိုင်းနှင့် လက်တင်အမေရိကတို့သို့ပင် တင်ပို့လာနိုင်ကြောင်း ထိုတတ်သိ ပညာရှင်များအဖွဲ့၏ သတိပေးချက်တွင် ဖော်ပြထားသည်။
အလားတူ လက်နက်များကို မှောင်ခိုလုပ်ခြင်းအပြင် ယူကရိန်းပဋိပက္ခ၌ ပါဝင်တိုက်ခိုက်ခဲ့သည့် ပြည်ပတိုက်ခိုက်ရေး သမားများ၊ ဆိုက်ဘာကျွမ်းကျင်သူများသည် ဒုစရိုက်သမားများ၏ လက်အောက်သို့ ရောက်ရှိသွားနိုင်ပြီး “ဒရုန်း၊ မူးယစ်ဆေး၊ ဒုစရိုက်သမား” ဆိုသည့်ပုံစံမျိုးဖြင့် ထွက်ပေါ်လာနိုင်ကြောင်း သတိပေးချက်တွင် ဆက်လက်ဖော်ပြထားသည်။
ယူကရိန်း ပဋိပက္ခသည် နောက်ဆုံးတွင် ဒုစရိုက်သမားများ၊ လက်နက်မှောင်ခိုကူး သူများအတွက် နိဗ္ဗာန်ဘုံတစ်ခုသဖွယ်ဖြစ်လာနိုင်ကာ ထိုပဋိပက္ခမှ အကျိုးအမြတ် ရရှိသွားနိုင်ကြောင်း ရုရှားက ကြိုတင်သတိပေးထားပြီး ဖြစ်သည်။
Source: https://myawady.net.mm/