မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်

News Image

  • မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်

20 June 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ ညောင်ကိုင်းကျေးရွာနှင့် မဲချောင်ကျေးရွာများသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး ညောင်ကိုင်းကျေးရွာနေ ကိုဝင်းလှိုင်(စိစစ်ဆဲ)နှင့် ကိုကျော်အောင်(စိစစ်ဆဲ)တို့ နှစ်ဦး အားလည်းကောင်း၊ ည ၁၀ နာရီ ၃၀ မိနစ်တွင် မဲချောင်ကျေးရွာနေ ကိုသန်းဇော်(စိစစ်ဆဲ)အားလည်းကောင်း ဖမ်းဆီးခေါ်ဆောင်ကာ ဖြူကုန်းကျေးရွာသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများ စသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ပြည်သူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA