မလေးရှားဝန်ကြီးချုပ်အန်ဝါက MH17 လေယာဉ် ပစ်ချခံရမှုနှင့်ပတ်သက်ပြီး ရုရှားသမ္မတပူတင်နှင့် ဆွေးနွေး
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ၎င်းသည် မော်စကိုသို့သွားရောက်သည့် ခရီးစဉ်အတွင်း မလေးရှားလေကြောင်းလိုင်း MH17ပစ်ချခံခဲ့ရမှုနှင့်ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့သည်။
ထိုလေယာဉ်ပစ်ချခံရမှုအတွက် ရုရှားတွင် တာဝန်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပြီးနောက် အန်ဝါက ပူတင်နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“မလေးရှားပြည်သူများ၊ အထူးသဖြင့် နစ်နာသူများ၏ မိသားစုဝင်များ၏ ကိုယ်စား မိမိသည် သမ္မတ ပူတင်နှင့် အဆိုပါအကြောင်းအရာကို ဆွေးနွေးရန် အခွင့်အရေးကို အရယူခဲ့ပါသည်” ဟု အန်ဝါက မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
မကြာသေးမီက ကုလသမဂ္ဂ လေကြောင်းကောင်စီ၏ လေ့လာတွေ့ရှိချက်များ နှင့်ပတ်သက်ပြီး အခြေအနေများအပေါ် မှတ်ချက်ပေးရန်လည်း အန်ဝါကို မီဒီယာများ က တောင်းဆိုခဲ့သည်။
ရုရှားလိုလားသည့် ခွဲထွက်ဝါဒီများနှင့် ယူကရိန်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေသည့် ၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် MH17လေယာဉ်ပစ်ချခံရမှုအတွက် ရုရှားတွင် တာဝန်ရှိကြောင်း နိုင်ငံတကာ လေကြောင်းအဖွဲ့အစည်းကောင်စီ (ICAO) က ယခုသီတင်းပတ် အတွင်း လေ့လာတွေ့ရှိခဲ့သည်။
ရုရှားအစိုးရကမူ ခရီးသည်များနှင့်လေယာဉ်အမှုထမ်း စုစုပေါင်း ၂၉၈ ဦးသေဆုံးခဲ့သည့် MH17 လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး ICAO ၏ လေ့လာတွေ့ရှိချက်များကို ငြင်းဆိုခဲ့ပြီး ၎င်းတို့၏ လေ့လာမှုတွင် ဘက်လိုက်မှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အန်ဝါက ၎င်းသည် ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရရှိစေရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဟု မေ ၁၄ ရက်က Facebook တွင် ရေးသားခဲ့သည်။
“ဒီလိုဝမ်းနည်းစရာကောင်းသည့်ကိစ္စကို ဆက်လက်ခံစားနေရသော နစ်နာသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် တာဝန်ယူမှုနှင့် ဆုံးဖြတ်ချက်တစ်ခုရရှိအောင် မလေးရှားက ခိုင်ခိုင်မာမာ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု အန်ဝါက ပြောသည်။
အစည်းအဝေးအတွင်း ပူတင်က နယ်သာလန်နိုင်ငံသား ၁၉၆ ဦး၊ မလေးရှားနိုင်ငံသား ၄၃ ဦးနှင့် သြစတြေးလျနိုင်ငံသား ၃၈ ဦးအပါအဝင် သေဆုံးခဲ့သူများ၏ မိသားစုဝင်များကို ထပ်တူဝမ်းနည်း ကြောင်း ဖော်ပြခဲ့သည်ဟု အန်ဝါက ပြောကြားခဲ့သည်။
ပူတင်က ထိုကိစ္စကို နိုင်ငံရေးသဘော သက်ဝင်မှုမရှိစေဘဲ ပြည့်စုံကျယ်ပြန့်သည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်း အန်ဝါက ပြောကြားခဲ့သည်။
“ICAO ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မိမိအနေဖြင့် ရည်ညွှန်းပြောဆိုခဲ့ပါသည်။ ပူတင်ကလည်း ထိုအကြောင်းအရာကို အစကနေပြီး တုံ့ပြန်ခဲ့ပါသည်။ လွတ်လပ်ပြီး စေ့စပ်သေချာမှုရှိသည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ၎င်းက တောင်းဆိုခဲ့ပါသည်” ဟု အန်ဝါက ပြောကြားခဲ့သည်။
ထိုထုတ်ပြန်ချက်သည် ပိုမိုယုံကြည်မှုရရှိစေရန် သို့မဟုတ် ခိုင်မာမှုပိုရှိစေရန် လုပ်ဆောင်ရေးအတွက် ရုရှားက ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ပူတင်က ပြောကြားခဲ့သည်ဟု အန်ဝါက ဆိုသည်။
“မိမိအနေဖြင့် အတည်ပြုနိုင်သည်က ပူတင်သည် လေ့လာတွေ့ရှိချက်ကို မမှန်ဟု ပြောဆိုပြီး အဆိုပါ လေ့လာတွေ့ရှိချက်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိ ဆိုတာပါပဲ။ သို့သော် လွတ်လပ်မှု မရှိ ဟု ၎င်းယူဆထားသည့်အဖွဲ့များ သို့မဟုတ် ရုရှားအစိုးရက ယူဆထားသည့်အဖွဲ့များနှင့် ၎င်းအနေဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်မည်မဟုတ်ပါ” ဟု အန်ဝါက ပြောကြားခဲ့သည်။ အန်ဝါသည် နှစ်နိုင်ငံဆက်ဆံရေးများတိုးမြှင့်ရန်အတွက် ရုရှားသို့ သုံးရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ကိုးကား- Eleven Media Group