ဂါဇာမြောက်ပိုင်းတွင် အစ္စရေး၏ စစ်ဆင်ရေးကြောင့် ပါလက်စတိုင်း အနည်းဆုံး ၅၀ သေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်

News Image

  • ဂါဇာမြောက်ပိုင်းတွင် အစ္စရေး၏ စစ်ဆင်ရေးကြောင့် ပါလက်စတိုင်း အနည်းဆုံး ၅၀ သေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်

ဟားမက်လက်အောက်ရှိ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ထုတ်ပြန်သည်မှာ အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ဂါဇာမြောက်ပိုင်းတွင် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့သည်ဟု ဆိုသည်။

ဂါဇာမြောက်ပိုင်းရှိ ပါလက်စတိုင်းများ၏အဆိုအရ သောကြာနေ့ (မေ ၁၆) နံနက်စောစောပိုင်းတွင် အစ္စရေးတပ်များက ကြည်း/ရေ/လေ ပူးပေါင်း တိုက်ခိုက်မှုကြီး စတင်ခဲ့သည်ဟု သိရပြီး အစ္စရေးစစ်ဘက်မှ ယခုအချိန်ထိ တုံ့ပြန်ပြောဆိုမှု မရှိသေးပေ။

ပထမဦးစွာ မီးခိုးဗုံးများအလုံးအရင်းဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးစခန်းများမှ အမြောက်များဖြင့် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ဆိုပါသည်။

ဂါဇာသတင်းထောက် Rushdi Abu Alouf က “အစ္စရေးတပ်များ မတ်လ အစောပိုင်းက စစ်ဆင်ရေးပြန်စတင်ခဲ့သည့်နောက် မြောက်ဂါဇာကို ယခုကဲ့သို့ စနစ်တကျ အကြီးစား မြေပြင်စစ်ဆင်ရေးဆင်နွှဲမှုမျိုး မရှိခဲ့ဖူးပါ” ဟု ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က “ဂါဇာရှိ လူသားချင်း စာနာမှုအခြေအနေကို မိမိတို့ စိုးရိမ်မိပါသည်” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ လွန်ခဲ့သော ၁၀ ပတ်ကြာကပင် အစ္စရေးက အစားအစာ၊ ဆေးဝါးနှင့် အခြားလူမှုရေးအထောက်အပံ့များအား လုံးဝပိတ်ဆို့ထားခြင်းကို ဂါဇာဒေသခံများ ရင်ဆိုင်နေရသည်။

ဟားမက်အစိုးရလက်အောက်ရှိ အရပ်ဘက်ကာကွယ်ရေးအဖွဲ့က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ကြောင်း ကြာသပတေးနေ့ (မေ ၁၅) တွင် ထုတ်ပြန် ခဲ့သည်။

ကာတာနိုင်ငံ၌ အစ္စရေးနှင့် ဟားမက်တို့အကြား စစ်ရပ်စဲရေးနှင့် အကျဉ်းသားလဲလှယ်ရေး သွယ်ဝိုက်ဆွေးနွေးမှုများ ဆက်လက်ရှိနေသော်လည်း လက်ရှိအချိန်ထိ ပြေလည်မှုရရှိရန် လမ်းကြောင်းမပေါ် သေးပေ။

ကိုးကား- BBC

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂