၂၁ တန် စက်ရုပ်ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသလိုက်တဲ့ ဗြိတိန်

News Image

  • ၂၁ တန် စက်ရုပ်ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသလိုက်တဲ့ ဗြိတိန်

ဗြိတိန်နိုင်ငံက သူတို့အတွက်သာမက ဥရောပဒေသအတွက်ပါ ပထမဆုံးဖြစ်လာမယ့် မောင်းသူမဲ့ ဧရာမရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသ လိုက်ပါပြီ။ အဲဒီရေငုပ်သင်္ဘောအမျိုးအစား က အလွန်အကြီးစား မောင်းသူမဲ့ ရေအောက်သွားယာဉ် (XLUUV) ဖြစ်ပြီး သူ့ရဲ့နာမည်ကိုတော့ Excalibur လို့ ပေးထားပါတယ်။ အလျားအားဖြင့် ၃၉ ပေရှိတဲ့ Excalibur ဟာ စမ်းသပ်ဆဲအဆင့်ရှိ ရေငုပ်သင်္ဘော တစ်မျိုးဖြစ်ပြီး ဗြိတိန်နိုင်ငံရဲ့မောင်းသူမဲ့ ရေအောက်စစ်ဆင်ရေးများဆီ ကူးပြောင်းမှုအတွက် စမ်းသပ်မှုတစ်ခုအဖြစ် ဒီဇိုင်းဆွဲ ထားတာပါ။

အခုလိုမျိုး   မောင်းသူမဲ့ရေငုပ်သင်္ဘော ထုတ်ဖော်ပြသတဲ့ အခမ်းအနားကို ဒီဗွန်ပေါ့ရေတပ်စခန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ရေတပ်ဗိုလ်ချုပ်ကြီး ဂျိမ်းပါကင် ဦးဆောင်ကာ AUKUS အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များလည်း   တက်ရောက်ခဲ့တာတွေ့ ရပါတယ်။  ဒီရေငုပ်သင်္ဘောကို Project Cetus ဆိုတဲ့အစီအစဉ်အရ  တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီရေငုပ်သင်္ဘောဟာဗြိတိန် တော်ဝင်ရေတပ်အနေနဲ့ စမ်းသပ်ခဲ့ဖူးတဲ့ မောင်းသူမဲ့ ရေအောက်သွား ယာဉ်များထဲမှာမှ အကြီးဆုံးဖြစ်ပါတယ်။

အလေးချိန်အားဖြင့် ၂၁ တန်နဲ့အနံအားဖြင့်   ၆ ဒသမ ၅ ပေရှိတဲ့    Excaliburမောင်းသူမဲ့ ရေအောက်သွားယာဉ်က မိုင်ပေါင်း ၁၀၀၀ အထိကို သွားရောက်စစ်ဆင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့ငုပ်လျှိုးနိုင်တဲ့ အကွာအဝေးက လက်ရှိအသုံးပြုနေတဲ့ လူပါရေငုပ်သင်္ဘောများ ငုပ်လျှိုးနိုင်မှုအကွာအဝေး ပိုများတယ်လို့လည်း သိရပါတယ်။ ဒီလိုမျိုးစွမ်းဆောင်ရည်ရှိတဲ့ ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသလိုက်တာဟာ ဗြိတိန်နိုင်ငံရဲ့ ရေတပ်အဆင့်မြှင့်တင်မှုမဟာဗျူဟာမှာ သမိုင်းမှတ်တိုင် အသစ်တစ်ခုကို စိုက်ထူလိုက်နိုင်တာဖြစ်ပါတယ်။

သူ့ရဲ့ကိုယ်ထည်ဒီဇိုင်းက လုံးဝန်းတဲ့ပုံစံရှိပြီး တည်ဆောက်မှုအပိုင်းကလည်း လိုအပ်သလိုပြုပြင်လို့ရနိုင်တဲ့ အနေအထားဖြစ်တာကြောင့် ဝန်စည်စလွယ်တွေကို လွယ်လင့်တကူ တင်ဆောင်နိုင်စေမှာပါ။   ဒီလိုတင်ဆောင်နိုင်စွမ်း ရှိတဲ့အတွက်လည်း ကင်းထောက်ခြင်းနဲ့ ထောက်လှမ်းခြင်းတို့ကဲ့သို့သော လုပ်ငန်းများအပြင်   အသံလုံခြုံမှု လိုအပ်တဲ့ရေပြင်မှာလည်း စစ်ဆင်ရေးတာဝန်များကို‌ ထမ်းဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

Excalibur ကို ဗြိတိန်တော်ဝင်ရေတပ်ရဲ့ စမ်းသပ်စစ်ဆေးရေး ရေယာဉ်စုမှာ တွဲဖက်သွားမှာဖြစ်ပြီး XV Patrick Blackett ဆိုတဲ့  ရေပေါ်သွားစမ်းသပ်ယာဉ်နဲ့အတူ ပူးတွဲတာဝန်ထမ်းဆောင်သွားမှာပါ။ ဒါမှသာ အနာဂတ်စစ်ဆင်ရေးတွေမှာ ဟန့်တားနှောင့်ယှက်မှု နည်းပညာတွေကိုပါ ပေါင်းစပ်အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

Excalibur ကို ထုတ်လုပ်ထားသူက Msubs ဆိုတဲ့ကုမ္ပဏီဖြစ်ပြီး သူတို့ကအထူး ပြုလုပ်ထားတဲ့ မောင်းသူမဲ့ရေအောက်သွားယာဉ်တွေကို  ထုတ်လုပ်လေ့ရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် အဲဒီမောင်းသူမဲ့ ရေငုပ်သင်္ဘောက    ဒီဗွန်ပေါ့ဆိပ်ကမ်းရဲ့ စိတ်ချရတဲ့ရေပြင်မှာ   ကနဦးဆိပ်ကမ်းကပ်ခြင်းနဲ့ ပင်လယ်ပြင်မိတ်ဆက် သွားလာခြင်းဆိုတဲ့ လက်တွေ့စမ်းသပ်မှု တွေကို လုပ်ဆောင်ထားပြီးပါပြီ။    ။

Source: https://myawady.net.mm/