အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတဟောင်း ဂျိုးဘိုင်ဒင်အား လျင်မြန်စွာ သက်သာလာစေရန် ဆုတောင်းပေးခဲ့
ဝါရှင်တန်၊ မေ ၁၉ ရက်
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်သည် ပြင်းထန်သော ဆီးကျိတ်ကင်ဆာဝေဒနာခံစားနေရကြောင်း ၎င်း၏ရုံးအဖွဲ့က တနင်္ဂနွေနေ့ (မေ ၁၈) တွင် သတင်းထုတ်ပြန်လိုက်ပါသည်။
ယခုအခါ ဘိုင်ဒင်မိသားစုသည် ဆရာဝန်များနှင့်အတူ ကုသမှု နည်းလမ်းများကို ဆွေးနွေးနေကြသည် ဟု သိရပါသည်။ ဘိုင်ဒင်သည် Gleason score 9 (Grade Group 5) ဖြင့် အရိုးသို့ပျံ့နှံ့နေသော ဆီးကျိတ် ကင်ဆာ ဝေဒနာခံစားနေရပါသည်။ Gleason စကေးကို ဆီးကျိတ်ကင်ဆာ ရောဂါ ရှာဖွေရာတွင် ရောဂါဖြစ်စဉ်၏ ကင်ဆာပြင်းထန်မှုကို တစ်မှဆယ်အထိ အဆင့်သတ်မှတ်ရန် အသုံးပြုလေ့ရှိပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဆီးကျိတ်ကင်ဆာ ရောဂါတွေ့ရှိခဲ့သော သမ္မတဟောင်း ဂျိုးဘိုင်ဒင်အား လျင်မြန်စွာသက်သာလာစေရန် ဆုတောင်းပေးခဲ့ကြောင်း ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ရေးသား ဖော်ပြခဲ့ပါသည်။
“မိမိနှင့်မယ်လန်နီယာတို့သည် ဂျိုးဘိုင်ဒင်၏ မကြာသေးမီက ကျန်းမာရေး ဆိုင်ရာ ရောဂါရှာဖွေတွေ့ရှိမှုကြောင့် ဝမ်းနည်းပူဆွေးမိပါသည်။ [ယခင် သမ္မတ၏ဇနီး] ဂျီလ်နှင့်၎င်း၏မိသားစုကို အနွေးထွေးဆုံး ဆုမွန်ကောင်း တောင်းပေးပြီး ဂျိုးကိုလည်း လျင်မြန်စွာနှင့် အောင်မြင်စွာ ပြန်လည် သက်သာလာစေရန် မျှော်လင့်ပါသည်” ဟု ဒေါ်နယ်ထရမ့်က ရေးသား ခဲ့ပါသည်။
အမေရိကန်၏ ၄၆ ယောက်မြောက်သမ္မတတွင် အလွန်ပြင်းထန်သော ဆီးကျိတ်ကင်ဆာရောဂါတစ်မျိုးကို တွေ့ရှိခဲ့ရသော်လည်း ဟော်မုန်းကုထုံးဖြင့် ထိန်းချုပ်ကုသနိုင်သည်ဟု အစောပိုင်းတွင် ဂျိုးဘိုင်ဒင်၏ ကိုယ်စားလှယ်များက ဖော်ပြခဲ့ပါသည်။ ယခုအခါ အသက် ၈၂ နှစ်ရှိပြီ ဖြစ်သည့် ဂျိုးဘိုင်ဒင်သည် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ပါသည်။
ကိုးကား - Tass