ဗြိတိန်နိုင်ငံတွင် မောင်းသူမဲ့ကားများ ၂၀၂၇ ခုနှစ်တွင် စတင် အသုံးပြု နိုင်မည် ဖြစ်သော်လည်း Uber ကုမ္ပဏီက ၎င်းတို့သည် ယခုပင် အဆင်သင့် ဖြစ်နေပြီဟု ပြော

News Image

  • ဗြိတိန်နိုင်ငံတွင် မောင်းသူမဲ့ကားများ ၂၀၂၇ ခုနှစ်တွင် စတင် အသုံးပြု နိုင်မည် ဖြစ်သော်လည်း Uber ကုမ္ပဏီက ၎င်းတို့သည် ယခုပင် အဆင်သင့် ဖြစ်နေပြီဟု ပြော

Uber က ဗြိတိန်တွင် မောင်းသူမဲ့တက္ကစီများ ယခုအချိန်မှစ၍ “အဆင်သင့်ဖြစ်နေပြီ” ဟု ကြေညာသော်လည်း အစိုးရက လုံးဝအလိုအလျောက် မောင်းနိုင်သောယာဉ်များအား အတည်ပြုရန် ရက်စွဲကို နောက်ဆုတ် လိုက်သည်။

ယခင်အစိုးရလက်ထက်က လုံးဝအလိုအလျောက် မောင်းနိုင်သည့်ကားများကို “၂၀၂၆ ခုနှစ်အတွင်း လမ်းများပေါ်တွင် မြင်တွေ့ရမည်” ဟု မျှော်မှန်းခဲ့သော်လည်း အသစ်ဖွဲ့စည်းထားသောအစိုးရက ယခုအခါ ၎င်းတို့ကို ၂၀၂၇ ခုနှစ် ဒုတိယခြောက်လပတ်မှသာ စတင်မြင်တွေ့ နိုင်မည်ဟု ပြောဆိုလိုက်သည်။

ဗြိတိန်လမ်းများပေါ်တွင် အကန့်အသတ်ဖြင့် အလိုအလျောက် မောင်းနိုင်သောနည်းပညာကို အသုံးပြုခွင့်ပြုထားသော်လည်း ထိုယာဉ်တွင် လူသားမောင်းသူတစ်ဦး ရှိနေရမည်ဖြစ်ပြီး အလိုအလျောက် နည်းပညာကို အသုံးပြုနေစဉ်တွင် ယာဉ်အား တာဝန်ယူရမည်ဖြစ်သည်။

“စည်းမျဉ်းစည်းကမ်းဆိုင်ရာ အခြေအနေများ အဆင်သင့်ဖြစ်သည်နှင့် တစ်ပြိုင်နက် ဗြိတိန်မှာ ရိုဘိုတက္ကစီဝန်ဆောင်မှုကို ချက်ချင်း စတင်နိုင်ပါပြီ” ဟု Uber ၏ အမြင့်ဆုံးအဆင့် ရွေ့လျားမှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ အန်ဒရူးမက်ဒေါ်နယ် က ပြောကြားခဲ့သည်။ 

အွန်လိုင်းတက္ကစီအပ်ပလီကေးရှင်းဖြင့် အခကြေးငွေယူသော Uber ကုမ္ပဏီသည် Wayve အပါအဝင် အလိုအလျောက်မောင်းယာဉ် နည်းပညာကုမ္ပဏီ ၁၈ ခုနှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။

ယခုအခါ အမေရိကန်ပြည်ထောင်စု၌ ရိုဘိုတက္ကစီများ စတင်မိတ်ဆက်နေသော ကုမ္ပဏီများစွာထဲမှ Uber လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ထို့အပြင် တရုတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် စင်္ကာပူနိုင်ငံတို့တွင်လည်း ယခုနှစ်များအတွင်း ရိုဘိုတက္ကစီများ စမ်းသပ်မောင်းနှင်နေပြီဖြစ်သည်။

မက်ဒေါ်နယ်က ဗြိတိန်သည် ကမ္ဘာ့နိုင်ငံအချို့နှင့်နှိုင်းယှဉ်လျှင် နည်းပညာ နောက်ကျနေသည်ဆိုသည့် အချက်ကိုသဘောမတူဘဲ၊ အမေရိကန်နှင့် တရုတ်တို့သာ ဦးဆောင်နေရခြင်းမှာ ထိုနိုင်ငံများတွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစင်တာ အများစု တည်ထောင်ဖွင့်လှစ်ထားခြင်းကြောင့်သာ ဖြစ်သည်ဟု ငြင်းဆိုခဲ့သည်။

ကိုးကား- BBC

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက -၂