သဘာဝပစ္စည်းများနဲ့ပြုလုပ်ထားတဲ့ ဆိုလာဘက်ထရီ ၄၈ နာရီအထိ အား ၉၀ ရာခိုင်နှုန်း ထိန်းထားနိုင်
သိပ္ပံပညာရှင်များက ဆိုလာဘက်ထရီ တစ်မျိုးကို တီထွင်လိုက်ပါတယ်။ သူက နေရောင်ခြည်စွမ်းအင်ကိုလည်း စုပ်ယူနိုင်တယ်။ ဓာတ်အားကိုလည်း နှစ်ရက် ကျော်ကြာသည်အထိ ထိန်းသိမ်းထားနိုင်တယ်။ ဒါပေမဲ့ သူ့ကိုသမားရိုးကျသတ္တု ပစ္စည်းများနဲ့ပြုလုပ်ထားတာ မဟုတ်ပါဘူး။
မြူးနစ်နည်းပညာ တက္ကသိုလ်မှသုတေ သနပညာရှင်များ အပါအဝင် အခြားသော တက္ကသိုလ်နှစ်ခုမှပညာရှင်များပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က ဒီဘက်ထရီကိုတီထွင်ဖန်တီးလိုက်တာပါ။ သူတို့ဖန်တီးလိုက်တဲ့ ဆိုလာဘက်ထရီက သဘာဝပစ္စည်းများနဲ့ရေကိုသာအသုံးပြု ဖန်တီးထားတာဖြစ်ပြီး ဒါဟာလျှပ်စစ်ဓာတ်အားလိုင်း ပြင်ပ စွမ်းအင်သိုလှောင်မှု ပြဿနာအတွက် ရေရှည်ဖြေရှင်းမှု နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။
ဘက်ထရီမှာအသုံးပြုထားတဲ့ သဘာဝကုန်ကြမ်းပစ္စည်းက နေရောင်ခြည်စွမ်းအင်ကို သိုလှောင်သူအဖြစ် အလုပ်လုပ်ပါတယ်။ သူကနေ့ဘက်မှာ နေရောင်ခြည် စွမ်းအင်ကိုစုပ်ယူထားပြီး ညရောက်တဲ့ အချိန်မှာ လျှပ်စစ် ဓာတ်အား ကိုပြန်ထုတ် ပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ပညာရှင်များအနေနဲ့ အခုလိုမျိုးသဘာဝပစ္စည်းတွေနဲ့ ပေါင်းစပ်ဖန်တီးနိုင်မှုက ပထမဆုံးဖြစ်ပါတယ်။
သိပ္ပံပညာရှင်များက naphthalenedii-mide ဆိုတဲ့ သဘာဝဒြပ်ပေါင်းကနေ ဖန်တီးထားတဲ့ ပေါင်းစပ်သဘာဝပစ္စည်း ပုံစံကိုအဓိက အသုံးပြုထားတာပါ။ သူက နေရောင်ခြည်ကိုစုပ်ယူပြီး လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို ၄၈ နာရီကြာတဲ့အထိ ထိန်းထားနိုင်တာပါ။
ဒါ့အပြင် သိပ္ပံပညာရှင်များက ရေကို အသုံးပြုခြင်းဟာ သိုလှောင်သိမ်းဆည်းထားတဲ့ လျှပ်စစ်ဓာတ်အားတွေကိုတည်ငြိမ်စေဖို့အတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာကိုလည်း တွေ့ရှိလိုက်ကြပါတယ်။ အကြောင်းရင်းကိုဆိုရရင် ရေရဲ့မော်လီကျူးများက ပေါင်းစပ် သဘာဝပစ္စည်း ပုံစံအတွင်းရှိ လျှပ်စစ်တွေကို ကောင်းစွာတုံ့ပြန်နိုင်မှု ရှိတဲ့အတွက် လျှပ်စစ်စွမ်းအင်တွေကို အချိန်ကြာမြင့် စွာသိုလှောင်ထားနိုင်စေတာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်များရဲ့ အခုတီထွင်မှုဟာ ဆိုလာဘက်ထရီများအတွက် လမ်းကြောင်းအသစ် တစ်ခုဖြစ်လာနိုင်ပါတယ်။
Source: https://myawady.net.mm/