ကမ္ဘာ့ပထမဆုံး မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ပင့်ကူက အနီရောင် ပင့်ကူမျှင်ကို ထုတ်လွှတ်

News Image

  • ကမ္ဘာ့ပထမဆုံး မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ပင့်ကူက အနီရောင် ပင့်ကူမျှင်ကို ထုတ်လွှတ်

ဘေးရုတက္ကသိုလ်မှ သုတေသနပညာရှင်များက   မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှုမှာ အဓိကအခန်းကဏ္ဍ ကနေပါဝင်နေတဲ့ CRISPR-Cas9 ဆိုတဲ့ကိရိယာကို ထိထိရောက်ရောက်နဲ့ အောင်မြင်စွာ အသုံးပြုလိုက်နိုင်ပါပြီ။ သူတို့ရဲ့အောင်မြင်မှုကိုတော့ ပင့်ကူတစ်ကောင်က အနီရောင်ပင့်ကူမျှင်များကို ထုတ်လွှတ်မှုမှာ မြင်တွေ့နိုင်ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာပထမဆုံးသောအောင်မြင်မှုလည်း ဖြစ်ပါတယ်။

ပင့်ကူမျှင်ဆိုတာ သဘာဝအရဖြစ်တည်နေပြီး သူ့ရဲ့အလွန်ခိုင်ခံ့မှု၊ ဆန့်ထုတ်နိုင်မှု၊ ပေါ့ပါးမှုနဲ့သဘာဝနည်းအရ ဆွေးမြည့်နိုင်မှုတို့ကြောင့် သိပ္ပံပညာရှင်များရဲ့စိတ်ဝင်စားမှုကို ခံနေရတာပါ။  တကယ်လို့များ ပင့်ကူများရဲ့ သဘာဝဖြစ်စဉ်များကို သိရှိပြီး ဒီဖြစ်စဉ်ကိုပေါင်းစပ် အသုံးပြုလိုက်နိုင်မယ်ဆိုရင် ပိုမိုစွမ်းဆောင်ရည်မြင့်မားတဲ့ အရာတွေပေါ်ထွက်လာနိုင်တယ်လို့ ပညာရှင်များက ယူဆထားပါတယ်။ ဒီအတွက်ကြောင့်ပဲ သူတို့ရဲ့မျိုးရိုးဗီဇပြုပြင် ပြောင်းလဲမှုကိရိယာကို လက်တွေ့အသုံးပြုခဲ့တာပါ။

CRISPR-Cas9 ဆိုတဲ့ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှုဆိုင်ရာကိရိယာက သက်ရှိဒီအန်အေများကို တိကျမှုရှိစွာ ပစ်မှတ်ထားကာ မျိုးရိုးဗီဇများကို ဖြတ်ထုတ်ခြင်း၊ ထည့်သွင်းခြင်းတို့ကို လုပ်ဆောင်နိုင်စေတဲ့ ကိရိယာဖြစ်ပါတယ်။ အခုစမ်းသပ်မှုမှာ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှု စနစ်နဲ့အတူ အနီရောင်တောက်ပတဲ့ပရိုတိန်းမျိုးရိုးဗီဇကို ပင့်ကူထဲထိုးသွင်းလိုက်တာ ဖြစ်ပါတယ်။ ရလဒ်ကတော့ အစမ်းသပ်ခံပင့်ကူက အနီရောင်တောက်ပတဲ့ ပင့်ကူမျှင်ကို ထုတ်လွှတ်နိုင်တာကြောင့် သူတို့ရဲ့စမ်းသပ်မှုက အောင်မြင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Source: https://myawady.net.mm/