ကွန်ဖူးတိုက်ကွက်များကိုပင် ပြသနိုင်တဲ့ တရုတ်နိုင်ငံရဲ့ လူတူစက်ရုပ် Lingxi X2
တရုတ်နိုင်ငံရဲ့ Agibot ဆိုတဲ့ ကုမ္ပဏီက သူတို့ ထုတ်လုပ်တဲ့ လူတူစက်ရုပ်များရဲ့ စွမ်းဆောင်ရည် တစ်ခုကို မကြာသေးခင်ကထုတ်ဖော်ပြသသွားပါတယ်။ အဲဒီထုတ်ဖော်ပြသမှုအပြီးမှာ လူတူစက်ရုပ်က လူအများရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိလာတာတွေ့ရပါတယ်။ အကြောင်းရင်းကတော့ အဲဒီလူတူစက်ရုပ်ဟာ ကွန်ဖူးတိုက်ကွက်များကိုတောင်မှ ကစားပြနိုင်တဲ့ အတွက်ပါပဲ။
ဒီစက်ရုပ်ကို Lingxi X2 လို့ အမည်ပေးထားတာ တွေ့ရပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်များ အနက်တစ်ခုက အရာဝတ္ထုများကို ရှေ့ကနေကြိုတင် သင်ပြပေးစရာမလိုဘဲနဲ့ ကိုင်တွယ်နိုင်စွမ်းရှိတာဖြစ်ပါတယ်။ Agibot ကုမ္ပဏီက Lingxi X2 ကို မတ်လအတွင်းမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်များ အနက်တချို့ကိုတော့ မကြာသေးခင်ကမှ ထုတ်ဖော်ပြသခဲ့တာပါ။ သူတို့က စွမ်းဆောင်ရည်မြင့်မားလှတဲ့ AI နည်းပညာနဲ့ နောက်ဆုံးပေါ် စက်ရုပ်နည်းပညာ များကိုပေါင်းစပ်ပြီး ဘက်စုံအသုံးပြုနိုင်မယ့် စက်ရုပ်အမျိုးအစားကို တီထွင်ထားတာဖြစ်ပါတယ်။
Agibot ကုမ္ပဏီရဲ့ ထုတ်ဖော်ပြသထားမှုမှာဆိုရင် စက်ရုပ်ကအမြင့် ၁ ဒသမ ၃ မီတာရှိပါတယ်။ အလေးချိန်က ၇၄ ပေါင်ခွဲရှိပါတယ်။ ခံစားချက်ကိုလည်းထုတ်ဖော်ပြသနိုင်ပါတယ်။ လူတစ်ယောက်လိုမျိုးအပြုအမူနဲ့အတူ လေသံကိုလည်းလိုအပ်သလို ပြောဆိုနိုင်တာတွေ့ရပါတယ်။ သူတို့အနေနဲ့ အခုလိုမျိုးစက်ရုပ်ကို ရရှိလာဖို့အတွက် Genie Operator-1 ဆိုတဲ့ AI ပုံစံကိုအသုံးပြုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Source: https://myawady.net.mm/
နည်းပညာသတင်း