တရုတ်က ပဉ္စမမျိုးဆက် တိုက်လေယာဉ်များကို ထောက်လှမ်းရှာဖွေရန် အသုံးပြုမည့် JY-27V ရေဒါအသစ်ကို ထုတ်ဖော်ပြသ
တရုတ်တပ်မတော်က အမေရိကန်၏ F-22 နှင့် F-35 တို့ကဲ့သို့သော ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်များကို ထောက်လှမ်းရှာဖွေရန် အသုံးပြုသွားမည့် JY-27V ရေဒါအသစ်ကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။
JY-27V ရေဒါကို လှုပ်ရှားသွားလာမှုအတွက် စစ်သုံးယာဉ် ထရပ်ကားပေါ်တင်ဆောင်နိုင်ပြီး ကြိမ်နှုန်းအလွန်မြင့်ရေဒီယိုလှိုင်းနှုန်းများဖြင့် အလုပ်လုပ်ခြင်းဖြစ်ကာ သာမန်ရေဒါများဖြင့် ဖမ်းယူနိုင်ခြင်းမရှိသော ကိုယ်ပျောက်ပစ်မှတ်များကို တိကျစွာထောက်လှမ်းနိုင်သည့်အပြင် တိကျစွာတိုက်ခိုက်နိုင်ရေးအတွက် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကို လမ်းညွှန်မှုပေးနိုင်ကြောင်း ထိုရေဒါကိုထုတ်လုပ်သည့် တရုတ်နိုင်ငံပိုင် CETC ကုမ္ပဏီက ထုတ်ပြန်ထားသည်။
ရေဒါတွင်တပ်ဆင်ထားသည့် အင်တာနာကို အချိန်တိုအတွင်း ဖြန့်နိုင်မည်ဖြစ်သောကြောင့် မိနစ်ပိုင်းအတွင်းမှာပင် ရေဒါလုပ်ငန်းကိုစတင်နိုင်မည်ဖြစ်ကြောင်းနှင့် အခြားနေရာသို့ရွှေ့ပြောင်းနေရာချနိုင်ရေးအတွက် အင်တာနာကိုပြန်လည်ခေါက်သိမ်းနိုင်ကြောင်း Xinhua သတင်းဌာန ကဖော်ပြထားသည်။ ရေဒါကိုခေါက်သိမ်းခြင်းနှင့် ပြန်ဖြန့်ခြင်းတို့လုပ်ဆောင်ရာတွင် ညင်သာချောမွေ့မှုလည်း ရှိကြောင်း CETC ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
"အင်တာနာရဲ့အချင်းက ပိုပြီးကြီးလေလေ၊ ထောက်လှမ်းမှုလုပ်နိုင်တဲ့ အကွာအဝေးကလည်း ပိုပြီးများလေလေ ဖြစ်ပါတယ်" ဟု CETC မှသိပ္ပံပညာရှင် တစ်ဦးကပြောသည်။
အဆိုပါရေဒါကို အန်းဟွေပြည်နယ် ဟီဖေးမြို့၌ မေလ ၁၇ ရက်မှ ၁၉ ရက် အထိ ကျင်းပသော ရေဒါပြပွဲတစ်ခုတွင် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Source: https://myawady.net.mm/
နည်းပညာသတင်း