တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ(ဗီနိုင်း) စိုက်ထူပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ (ဗီနိုင်း) စိုက်ထူပွဲကို မေလ ၁၉ ရက်နေ့၊ နံနက် (၈) နာရီက တံတားဦးမြို့ အမှတ် (၂) ရပ်ကွက် ဆုံကုန်းရပ် တံတားဦး-မြို့သာကားလမ်း မြို့အဝင်ဆိုင်းဘုတ်အနီးတွင် ကျင်းပကြောင်း သိရသည် ။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ ၊ အခြေခံပညာအထက်တန်း ၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာကြီးများနှင့်ဆရာ ၊ ဆရာမများက ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက် ပိုစတာ (ဗီနိုင်း)အား စိုက်ထူပေးကြသည် ။ ထို့နောက် မင်္ဂလာအချိန်တွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ တံတားဦးခရိုင်၊ ပညာရေးမှူး(တာဝန်ခံ) ဆရာကြီး ဦးစိုးတင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းဥတို့က မြေစိုက်ပိုစတာအား အမွှေးနံ့ရည်များ ပက်ဖြန်းပေးကြပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကြသည်။ မြေစိုက် ပိုစတာတွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ပါရှိပြီး အဆိုပါဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်းကို မေ(၂၂)ရက်နေ့မှ ဇွန်(၁) ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည် ။
အဆိုပါမြေစိုက်ပိုစတာပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးဝန်ထမ်းများ ၊အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ကြကြောင်းသိရသည်။
ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)