ယခုနှစ် သရက်သီးပေါ်ချိန်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်တချို့မှ ထွက်ရှိသော စိန်တစ်လုံးသရက်သီးများ အရောင်းအဝယ် သွက်နေ
ယခုနှစ် သရက်သီးပေါ်ချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တချို့မှထွက်ရှိသော စိန်တစ်လုံးသရက်သီးများ စျေးကောင်းရရှိကာ အရောင်း အဝယ်သွက်လျက်ရှိကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေးအသင်း(မန္တလေး)မှ သိရ သည်။
ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းမှစ၍ မန္တလေးဈေးကွက်သို့ ရာသီပေါ်သီးနှံ ဖြစ်သော သရက်သီးများ စတင်ဝင်ရောက်လာပြီး ယခုအခါ ပြည်တွင်းပြည်ပမှ ဝယ်လိုအားကောင်းနေသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိသည်။ ထိုသို့ ဝင်ရောက်လာသော သရက်သီးများအနက် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ် စသည့်ဒေသများမှ ထွက်ရှိသော စိန်တစ်လုံးသရက်သီးများ စျေးကောင်း ရရှိနေခြင်းဖြစ်သည်။
"အခုချိန်က ပြည်တွင်းမှာ သရက်သီးတွေ စပေါ်တဲ့အချိန်ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ ပုသိမ်ကြီး၊ စဉ့်ကိုင်မြို့နယ်တွေက သရက်သီးအများအပြားထွက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးရဲ့ ရာသီဥတု၊ ရေမြေအနေအထား၊ သဘာဝပတ်ဝန်းကျင် စတဲ့ အခြေအနေတွေကြောင့် မန္တလေးတိုင်းဒေသကြီးကထွက်ရှိတဲ့ စိန်တစ်လုံးသရက်သီးတွေက ပြည်တွင်းမှာ အကောင်းဆုံးပါပဲ"ဟု မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေး) အတွင်းရေးမှူး ဦးကျော်စိုးနိုင်ကပြော သည်။
အထူးသဖြင့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာမှ ထွက်ရှိသော စိန်တစ်လုံးသရက်သီးများသည် အနံ့၊ အရသာနှင့် အရည်အသွေး အကောင်းဆုံးဖြစ်ကြောင်း၊ ပြည်တွင်း၌ သရက်သီး စပေါ်ချိန်သည် ဒေသတစ်ခုနှင့်တစ်ခု ရက်အနည်းငယ် ကွာခြားမှု ရှိပြီး မကြာမီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ သရက်သီးများ စတင် ထွက်ပေါ်လာမည်ဖြစ်ကာ ဈေးကွက်အတွင်း ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်များက ပြည်တွင်းမှထွက်ရှိသော သရက်သီးများကို ပြည်ပသို့တင်ပို့ရာတွင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနှင့် စင်ကာပူနိုင်ငံတို့သို့ အဓိကထားတင်ပို့ခဲ့ရပြီး ယခုနှစ်တွင် ရုရှားနိုင်ငံမှလည်း မြန်မာ့သရက်သီးများကို မှာယူမှုရှိကြောင်း သိရသည်။
Source: https://myawady.net.mm/